ကုလသမဂ္ဂ

July 24, 2019

ဥရောပတွင် အပူလှိုင်းမြင့်တက်မှု ကုလသမဂ္ဂ သတိပေး

ဥရောပဒေသမှာ လက်ရှိ အပူလှိုင်း မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်းတွေဟာ ပုံမှန်ထက်စောပြီး ဖြစ်လာတဲ့အပြင် ပိုပြီးလည်း ပြင်းထန်လာတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားခုမှာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ပြောခွင့်ရ ကလဲယာ နောလိစ်က ပြောပါတယ်။ လက်ရှိ စပိန်နိုင်ငံရဲ့ ဒေသတော်တော်များများမှာ တောမီးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး အပူချိန်မြင့်တက်တာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေကြောင့် တောမီးလောင်နိုင်တယ်လို့ ကလဲယာ နောလိစ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံမှာလည်း မိုးခေါင်နေတာကြောင့် လက်ရှိ အပူလှိုင်းအဆင့် ပိုမြင့်လာနိုင်တယ်လို့ သူက ပြောပါတယ်။ ပြင်သစ် မိုးလေဝသဌာနက နိုင်ငံတွင်း အပူလှိုင်းအဆင့်ကို လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ထားချိန်မှာ ပြင်သစ်အစိုးရက နယ်မြေ ၇၃ ခုမှာ ရေသုံးစွဲမှုနှုန်း ကန့်သတ်လိုက်ပါတယ်။
2 years Ago

July 10, 2019

ကုလ လူ့အခွင့်အရေး အေဂျင်စီ၏ အစီရင်ခံစာကို ဗင်နီဇွဲလားသမ္မတ ဝေဖန်

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုက ကုလသမဂ္ဂ လူ့အခွင့်အရေးအေဂျင်စီရဲ့ အစီရင်ခံစာကို ဝေဖန်ခဲ့ပြီး အဲဒီအစီရင်ခံစာက မုသားတွေချည်းပဲလို့ ဇူလိုင် ၈ ရက်နေ့က ပြောလိုက်ပါတယ်။ မကြာသေးခင်နှစ်တွေက ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ မီရှဲလ် ဘာချေးလတ်က အခုသီတင်းပတ်မှာ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ဗင်နီဇွဲလား လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။ ဗင်နီဇွဲလား အစိုးရကတော့ ကုလသမဂ္ဂ သတင်းရင်းမြစ်တွေဟာ တရားမျှတမှု အားနည်းတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံ အဖွဲ့အကြား ဆွေးနွေးပွဲတွေ စနေပြီလို့လည်း သမ္မတ မာဒူရိုက ပြောပါတယ်။ လက်ရှိသမ္မတ မာဒူရိုလက်ထက်မှာ ဗင်နီဇွဲလားနိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်း ပြတ်လပ်မှုတွေအပြင် နိုင်ငံတကာ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ အနောက်နိုင်ငံတွေကတော့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် အသိအမှတ် ပြုထားပါတယ်။
2 years Ago
More News
Up