မြန်မာစစ်တပ်အနေနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတွေကို လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က အပြင်းအထန်တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပြောကြားရာမှာ ထည့်သွင်း ပြောသွားတာပါ။
လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့တဲ့ ပြည်သူတို့ရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ အာဏာသိမ်းမှုတွေအတွက် နေရာမရှိပါလို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။
အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က “ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ဖိနှိပ်မှုမျိုးစုံလုပ်ဆောင်နေမှုတွေကို ကျွန်ုပ်တို့ တွေ့မြင်နေရတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်မှုတွေ၊ အရပ်ဘက် ပြည်သူတွေကို တိုက်ခိုက်မှု၊ ရိုဟင်ဂျာလူမျိုးစုတွေကို မျိုးတုန်းသတ်ဖြတ်မှုဟု အမှန်အကန်ခေါ်ဆိုခဲ့တဲ့ ချိုးဖောက်မှုအပါအဝင် လူနည်းစုတွေကို တာဝန်ခံမှုမရှိ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ စတဲ့ ကျူးလွန်ချိုးဖောက်မှုများစွာ ဆက်လက်ရှိနေပါတယ်၊ ဖရိုဖရဲကသောင်းကနင်းအခြေအနေသို့ ဦးတည်နေပါတယ်” လို့ပြောပါတယ်။
လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ကြိုဆိုတဲ့အကြောင်း၊ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ ကတိပြုကြောင်းနဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးရေး ကြိုးပမ်းဆောင်ရွက်နေကြတဲ့ မြန်မာပြည်သားတွေကို အပြည့်အဝ ထောက်ခံအားပေးတယ်လို့ ကုလအကြီးအကဲက ပြောပါတယ်။
Photo- UN