ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား စစ်ရေးတင်းမာနေမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကြားနာခဲ့ပြီး နှစ်နိုင်ငံစလုံးရဲ့ သံတမန်တွေက သူတို့ရပ်တည်ချက်တွေကို ပြင်းပြင်းထန်ထန် ပြောဆိုကြပါတယ်။
ကုလအမေရိကန်သံအမတ်ကြီး မစ္စလင်ဒါ သောမတ်စ် ဂရင်းဖီးလ်က “ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ ချထားပြီး ကျူးကျော်ဖို့ ခြိမ်းခြောက်နေတာတွေဟာ ရန်စခြင်းပါ။ ရုရှားက လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေ ထုတ်ပြီး အကျပ်ကိုင် ခြိမ်းခြောက်နေတယ်။ ကျမတို့ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ ရန်မစဘူး၊ သံတမန်ရေးနဲ့ပဲ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ရုရှားက ယူကရိန်းနယ်စပ်တလျှောက်မှာ တပ်အင်အား ၁၀၀,၀၀၀ ကျော်ချထားပြီး ဘီလာရုဇ်မှာလည်း ယူကရိန်းကိုကျူးကျော်ဖို့ တပ်အင်အား ၃၀,၀၀၀ ကျော်ချထားတာ သက်သေအထောက်အထားတွေ ရှိတယ်လို့ မစ္စလင်ဒါက ပြောပါတယ်။
ရုရှား ကုလသံအမတ် ဗာဆီးလီ နီဘန်ဇီရာက “အနောက်အုပ်စုက တင်းမာမှုတွေ လျော့ချဖို့ ပြောနေပေမဲ့၊ သူတို့ကိုယ်တိုင်ပဲ တင်းမာမှုတွေဖန်တီးပြီး ရန်စမှုတွေ လုပ်နေတာပါ။ အခု စစ်ရေးတင်းမာမှု လျော့ချရေး ဆွေးနွေးပွဲမှာကို ရန်စကားပြောဆိုနေတာပါ၊ သင်တို့ရဲ့ အပေါ်ယံစကားတွေ လက်တွေ့ဖြစ်လာဖို့ ရုရှားက စောင့်ဆိုင်းနေပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်က လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးရဲ့ ဆွေးနွေးမှုကိုပါ တောင်းဆိုခဲ့ပါတယ်။ လုံခြုံရေးကောင်စီဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်ဖို့အတွက် မဲခွဲဆုံးဖြတ်မှာ ထောက်ခံမဲ ၉ မဲ လိုအပ်ပေမဲ့၊ ၁၀ မဲ ရရှိခဲ့ပါတယ်။ ရုရှားနဲ့ တရုတ်တို့က ကန့်ကွတ်မဲပေးပြီး၊ အိန္ဒိယ၊ ကင်ညာနဲ့ ဂစ်ဘွန်တို့က မဲပေးဖို့ ရှောင်ရှားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်တန့်ဖို့နဲ့ စစ်တပ်အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ တတ်နိုင်သလောက် အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နိုဝင်ဘာ ၁၀ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးပြီးမှာ အဖွဲ့ဝင် ၁၅ နိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ရှားရှားပါးပါး အားလုံး သဘောတူ ထုတ်ပြန်လိုက်တာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ အကြမ်းဖက်မှုတွေ လတ်တလောထပ်တိုးလာတာနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ အရပ်သားတွေလုံခြုံရေးအတွက် သေချာအောင်လုပ်ပေးဖို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အထူးစိုးရိမ်တဲ့ သဘောထားတွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ ထပ်မံပြောကြားခဲ့ကြောင်းလည်း ဗြိတိန်နိုင်ငံက မူကြမ်းရေးတင်သွင်းခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူတွေ အကျိုးစီးပွားကို ရှေ့ရှုပြီး တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ရင်ကြားစေ့ရေးတွေ လုပ်ဆောင်ဖို့ အားပေးတိုက်တွန်းတယ်လို့လည်း လုံခြုံရေးကောင်စီ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရှိ လိုအပ်နေတဲ့လူသားအားလုံးဆီ လူသားချင်းစာနာမှုအကူအညီတွေ အပြည့်အဝ၊ ဘေးကင်းကင်းနဲ့ အဟန့်အတားမရှိပေးနိုင်ရေးနဲ့ အကူအညီပေးသူတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေး အကာအကွယ်ပေးဖို့လည်း လုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာရန်ဖို့နဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)ရဲ့ ရှေ့နေထံသို့ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တောင်းဆိုထားပါတယ်။
Photo- UNSC