ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံ

A d v e r t i s e m e n t With Us

December 30, 2019

ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံ

ကုလသမဂ္ဂ အထွေထွေညီလာခံကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် ဆုံးဖြတ်ချက်ကို မကြာမီကပဲ ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေနဲ့ အခြားလူနည်းစု တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ပါဝင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ညီလာခံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်ချက်ချခဲ့တဲ့ ၁၉၉၀ ပတ်ဝန်းကျင်ကတည်းကပါ။ နိုင်ငံအတွင်း ဆိုးဆိုးဝါးဝါး ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးပြီး ကုလသမဂ္ဂအဖွဲ့ ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။ တနှစ်နဲ့ တနှစ် ဖော်ပြတဲ့ လူ့အခွင့်အရေးအကြောင်းအရာတွေ မတူပေမယ့် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အရေးစိုက်မှုကတော့ တနှစ်ထက် တနှစ်တိုးလာတာကို သတိပြုမိပါတယ်။ ဒီနှစ် ဆုံးဖြတ်ချက်ရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံရဲ့ လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ စစ်ပွဲတွေနဲ့အတူ ပါလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသက်သက်သာ မဟုတ်ဘဲ ရိုဟင်ဂျာတွေအပေါ် ချိုးဖောက်မှုတွေကို ပိုမိုမီးမောင်းထိုး ဖော်ပြလာတာ ဖြစ်ပါတယ်။ ရခိုင်၊ ကချင်၊ ရှမ်းပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ အရပ်သားတွေအပေါ် ချိုးဖောက်မှုတွေကို အထူးအလေးထား ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို ဖော်ပြလာဖို့အတွက်လည်း မကြာမီအချိန်အတွင်းက တိုင်းရင်းသားပြည်သူတွေအပေါ် သတ်ဖြတ်တာတွေ ဖမ်းဆီးနှိပ်စက်တဲ့အမှုတွေက ထင်ထင်ရှားရှား ဖြစ်ခဲ့လို့ပါပဲ။ နောက်ထပ်ထူးခြားချက်ကတော့ ကျူးလွန်ရာမှ တာဝန်ရှိသူတွေကို ဖော်ပြရာမှာ လုံခြုံရေးတပ်ဖွဲ့နဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့များလို့ ဖော်ပြလာတဲ့ အချက်ပါ။ ဒီနေရာမှာ လုံခြုံရေးတပ်ဖွဲ့ဆိုတာ စစ်တပ်၊ ရဲ စတဲ့အစိုးရလက်အောက်ခံတပ်ဖွဲ့တွေကို ဆိုလိုတာဖြစ်ပြီး တခြား လက်နက်ကိုင်တပ်ဖွဲ့များ ဆိုတာကတော့ စစ်ပွဲအတွင်းမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့တွေကို ရည်ညွန်းတာပါ။ ကျနော်တို့အခေါ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဆိုလိုတာပါ။ လူ့အခွင့်အရေးဆိုတာ အစိုးရက ချိုးဖောက်မှ ချိုးဖောက်ခံရတဲ့သူက ဘယ်တိုင်းရင်းသားဖြစ်မှ ဆိုတာမျိုးမဟုတ်ဘဲ ဘယ်သူကပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာပဲ ချိုးဖောက် ချိုးဖောက် လူ့အခွင့်အရေးချိုးဖောက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်ဆိုတဲ့အကြောင်းကို ထပ်လောင်းခိုင်မာစေတဲ့အကြောင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို လေးစားဖို့ ကာကွယ်ပေးဖို့ ဆိုတာ အစိုးရမှာသာမက လက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း တာဝန်ရှိတယ်လို့ သတင်းစကားပေးလိုက်တာပါ။ ဒီ ၂၀၁၉ ခုနှစ်မှာ အထွေထွေညီလာခံကနေ နိုင်ငံအလိုက် ထုတ်ပြန်တဲ့ဆုံးဖြတ်ချက် ၅ ခု ရှိပါတယ်။ အဲဒီနိုင်ငံ ၅ နိုင်ငံကတော့ အီရတ်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ဆီးရီးယားနိုင်ငံနဲ့ ရုရှားနိုင်ငံက ခရိုမီးယားဒေသတို့ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေ ဒေသတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို မဲခွဲတဲ့အခါမှာ မြန်မာနိုင်ငံအတွက် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်လောက် ထောက်ခံတဲ့ နိုင်ငံအရေအတွက် မများတာကလည်း ထူးခြားချက်တခုပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့နိုင်ငံ ၁၄၀ နိုင်ငံရှိပြီး ကန့်ကွက်သူ ၉ နိုင်ငံ ရှိခဲ့ပါတယ်။ ကြားနေ ၃၂ နိုင်ငံ ရှိခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေကတော့ ဘဲလာရပ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ရုရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဇင်ဘာဘွေနိုင်ငံတို့ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေက ကန့်ကွက်တဲ့ အချက်ကလည်း အခုလို တနိုင်ငံချင်း ရွေးချယ်ရှုတ်ချတာကို မနှစ်သက်လို့ဆိုတဲ့ အကြောင်းပြချက်က များပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘူးလို့ ခုခံပြောဆိုတာမျိုး သိပ်မရှိလှပါဘူး။ ICJ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ကူညီရပ်တည်ပေးသွားပါ့မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဂျပန်နိုင်ငံတောင် ကန့်ကွက်တဲ့ နိုင်ငံစာရင်းထဲမှာ မပါခဲ့ပါဘူး။ ဒါကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုရှိ၊ မရှိအပေါ် အငြင်းပွားပေမယ့် ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဆိုတဲ့ အချက်အပေါ် စောဒကတက်တဲ့နိုင်ငံတွေက နည်းလွန်းလှပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားပေးဖို့ ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ သံအမတ်ကြီးက ဒီဆုံးဖြတ်ချက်ကို လက်မခံပေမယ့် တချို့နိုင်ငံတွေက ဒီလို ဆုံးဖြတ်ချက်အပြင် တခြားသောနည်းလမ်းတွေကိုပါ ရှာဖွေလုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းသွားတာတွေလည်း ရှိပါတယ်။ ဥပမာ ကနေဒါနိုင်ငံက ဘယ်နည်းလမ်းလို့ တိတိကျကျ မပြောပေမယ့် တခြားနည်းလမ်းတွေကိုလည်း အသုံးပြုပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် လုပ်ဆောင်ကြဖို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာ တရားရေးစည်းနှောင်မှု မရှိပေမယ့် ဂုဏ်သိက္ခာပိုင်းအရ အရှက်ရစေတာတော့ အမှန်ပါ။ နိုင်ငံတွေအများကြီးထဲကမှ ရွေးချယ်ရှုတ်ချခံရခြင်းဟာ နိုင်ငံအတွက်၊ အစိုးရအတွက်၊ ပြည်သူလူထုအတွက် ဘယ်လိုမှ ကောင်းကျိုးကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ Naming and shaming ဆိုတဲ့ နည်းလမ်းအရ နိုင်ငံတကာအလယ်မှာ လူ့အခွင့်အရေးကို ထူးထူးချွန်ချွန် ချိုးဖောက်တဲ့နိုင်ငံအဖြစ် စာရင်းဝင်နေခဲ့ပါပြီ။ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်လုပ်ဆောင်ခါစတုန်းက ကြိုးပမ်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ အထူးလုပ်ထုံးလုပ်နည်းယန္တရားထဲမှာ ပါဝင်ပြီး အလေးထားစောင့်ကြည့်ခံနေရတဲ့ အဆင့်ကနေ လွတ်မြောက်ဖို့ဆိုတာ ရွှေပြည်တော်မျှ မျှော်တိုင်း ဝေးနေရဦးမှာပါပဲ။ ဒီဆုံးဖြတ်ချက်ကို ထောက်ခံ၊ ကန့်ကွက်၊ ကြားနေတဲ့ နိုင်ငံအနေအထားကို လေ့လာကြည့်ရင်လည်း နောက်ထပ် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ လာနိုင်သေးတယ် ဆိုတာကို တွက်ဆလို့ ရပါတယ်။ ကုလသမဂ္ဂလုပ်ငန်းစဉ်နဲ့ ဗီတိုအာဏာအရ လုံခြုံရေးကောင်စီက တရုတ်နဲ့ ရုရှားကို ကျော်လွှားနိုင်ဖို့ ခက်ကောင်းခက်နိုင်မယ့် တရားမျှတမှုအတွက် တရားရုံးတွေကနေတဆင့် စီရင်မှုတွေဆီ ဦးတည်တဲ့လမ်းကြောင်းက ပိုကောင်းလာနိုင်ပါတယ်။ ကုလသမဂ္ဂတခုလုံးကို ကိုယ်စားပြုတဲ့ အရေးယူ ဆောင်ရွက်မှုမျိုး မဖြစ်နိုင်တဲ့တိုင်အောင် မြန်မာနိုင်ငံအပေါ် နိုင်ငံအလိုက် အရေးယူမှုတွေက ဖြစ်ပေါ်လာနိုင်ပါတယ်။ အခုတောင် အမေရိကန်လွှတ်တော်က မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်ကြီးများအပေါ် အရေးယူမှုတွေက စတင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခင်းအကျင်းမှာ မြန်မာနိုင်ငံအစိုးရရဲ့ သံတမန်ကျွမ်းကျင်စွာနဲ့ ဖြေရှင်းတတ်မှုက အထူးအရေးပါလှပါတယ်။ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နိုင်အောင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ အများက လက်ခံအောင် လုပ်ဖို့ လိုအပ်ပါတယ်။ စုံစမ်းစစ်ဆေးလို့ ထွက်ပေါ်လာတဲ့ ကျူးလွန်မှုမှာ တာဝန်ရှိတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်တဲ့ အာဏာတွေ၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်တွေနဲ့ သက်သေပြနိုင်ဖို့ အထူးအရေးကြီးလှပါတယ်လို့ တိုက်တွန်းလိုပါတယ်။ အောင်မျိုးမင်း
1 year Ago
Up