ကုလသမဂ္ဂအထွေထွေညီလာခံ၊

October 8, 2021

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် မိန့်ခွန်းပြော၊ မြန်မာစစ်တပ်ကို လက်နက်မရောင်းရန် ပန်ကြား

မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်တင် ပေးနိုင်ဖို့အတွက် မြန်မာစစ်တပ်သို့ လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ ဆက်စပ်နည်း ပညာတွေရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့  သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မေတ္တာရပ်ခံလိုက်ပါတယ်။

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့  အထွေထွေမူဝါဒရေးရာမိန့်ခွန်း ပြောကြားတဲ့ အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက အောက်တိုဘာ ၇ ရက်နေ့က  မိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဟာ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ လက်နက်ကြီးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တခြားလက်နက်တွေကို အသုံးပြုပြီး ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။ 

နျူကလီးယားလက်နက်တွေအသုံးပြုတာဟာ လူသားမျိုးနွယ်တွေအတွက် အကြီးမားဆုံး လုံခြုံရေးခြိမ်းခြောက်မှုဖြစ်တာကို သတိမူရမှာဖြစ်ပြီး နျူကလီးယားခြိမ်းခြောက်မှုဟာ လူသားမျိုးနွယ်တည်ရှိမှုအတွက် အဆိုးရွားဆုံးလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်သို့ ၂၀၁၈ ခုနှစ် စက်တင်ဘာမှာ လက်မှတ်ရေးထိုးခဲ့ပြီး၊  ၂၀၂၁ခုနှစ်မှာ အတည်ပြု ပါဝင်ဖို့ စီစဉ်ခဲ့ပေမဲ့ အကြမ်းဖက် စစ်တပ်ရဲ့တရားမဝင် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် အတည်ပြု ပါဝင်ရေး လက်ရှိမှာ ဖြစ်နိုင်ဖွယ်မရှိပါကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနဲ့ ပတ်သက်တဲ့ ကတိကဝတ် အပေါ် သံသယ ဖြစ်စရာ မလိုပါကြောင်းနဲ့ မြန်မာပြည်သူတွေ တရားနည်းလမ်းကျ ရွေးကောက် တင်မြှောက် ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုနဲ့ အမြန်ဆုံး အတည်ပြု ပါဝင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်ကိုလည်း မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင် အတည်ပြုပါဝင်ခဲ့တဲ့ အားလျော်စွာ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပွင့်လင်းမြင်သာမှု မရှိပေမဲ့ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဟာ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာ ဆောင်ရွက်ရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

လုံလောက်တဲ့သက်သေအထောက်အထားတွေအရ မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ရှိ  (schedule 1 chemical) ပါ ဓာတု ပစ္စည်းတွေ ထုတ်လုပ်တယ်ဆိုတဲ့ ဖျက်သိမ်းပြီး ဓာတု စက်ရုံနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေဖြင့် တင်ပြကြေညာဖို့ ပျက်ကွက်နေတာကို  အရပ်သားအစိုးရက မကြာသေးမီအချိန်ကမှ သိရှိရပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကြောင့် အဆိုပါ ပျက်ကွက်မှုနဲ့ ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ဖို့ အခက်အခဲဖြစ်ပေါ်နေတဲ့ အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောသွားပါတယ်။

1 year Ago
Up