ကုလသမဂ္ဂအထွေထွေညီလာခံ

August 13, 2021

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရင်ဆိုင်ရမယ့် မြန်မာ့ထိုင်ခုံနေရာလုပွဲ

အာဏာသိမ်းပြီးမြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေတွေကို ထင်ဟပ်မယ့် အလားအလာကတော့ နယူးယောက်ညီလာခံမှာ ထိုင်သူမဲ့ထိုင်ခုံပဲ ဖြစ်ပါလိမ့်မယ်။

ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့သူတွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ မြန်မာနိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေပါတယ်။ အာဏာသိမ်းဆန့်ကျင်မှုဟာ အကြမ်းမဖက်ဆန့်ကျင်မှုဖြစ်တဲ့ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုကနေ စတင်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော ဆယ်စုနှစ်တွေရှည်ကြာနေတဲ့ စစ်တပ်က နိုင်ငံရေးမှာ လက်ဝါးကြီးအုပ် လွှမ်းမိုးနေမှုကို အဆုံးသတ်ဖို့ ယခုအခါမှာ တော်လှန်ရေးတရပ်ဖြစ်လာနေတာပါ။ တော်လှန်ရေးတွေဟာ တိုင်းပြည်ရဲ့နယ်ခြားဒေသတွေမှာ ကာလရှည်ကြာ စစ်တပ်ကို တိုက်ခိုက်နေခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ပြည်တွင်းစစ်က အပြန်ပြန်အလှန်လှန် ဖြစ်ပွားနေတာပါ။

ကုလသမဂ္ဂမှာလည်း အထက်ကအရာတွေနဲ့မတူတဲ့ စစ်ပွဲတပွဲက တိုက်ခိုက်နေပါပြီ။

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့  ၇၅ ကြိမ်မြောက်အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၁၄ ရက်မှာ ကျင်းပပါလိမ့်မယ်။ အဲဒီမှာသမ္မတတွေ၊ ဝန်ကြီးချုပ်တွေနဲ့ ကမ္ဘာတဝန်းက အာဏာရှင်တွေ၊ သူတို့ရဲ့ကိုယ်စားလှယ်တွေဟာ ကမ္ဘာ့အကျပ်အတည်းပြဿနာတွေအပေါ်မှာ အခြေအတင်ငြင်းခုံကြဖို့နဲ့ အကြံပြုချက်တွေပေးကြဖို့ စုဝေးကြပါလိမ့်မယ်။ 

အဲဒီနေ့မေးခွန်းကတော့ မြန်မာပြည်ကို ဘယ်သူက ကိုယ်စားပြုမှာလဲ၊ စစ်တပ်က ကိုယ်စားလှယ်လား၊ ဒါမှမဟုတ်၊ ဖယ်ရှားခံထားရတဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရရဲ့ ကိုယ်စားလှယ်လား ဆိုတာပါပဲ။

အဲဒါဟာနိုင်ငံ ၉ နိုင်ငံပါဝင်တဲ့ အထောက်အထားစိစစ်ရေးကော်မီတီအနေနဲ့ ဘယ်သူ့ရဲ့ အထောက်အထားတွေကို လက်ခံရမယ်ဆိုတာ ကုလသမဂ္ဂအထွေထွေညီလာခံကို အကြံပြုချက်ပေးရမယ့် အလုပ်ပါပဲ။ ကော်မီတီအနေနဲ့ အာဏာလက်ကိုင်မထားနိုင်ဘဲ နယ်မြေထိမ်းချုပ်ထားနိုင်ခြင်းလည်းမရှိတဲ့ ဖယ်ရှားခံရတဲ့ အစိုးရတရပ်ရဲ့ အထောက်အထား တင်ပြမှုတွေကို လက်ခံတာမျိုးက ရှားပါးလှပါတယ်။ ဒါပေမဲ့ အစဉ်အလာအတိုင်းမဟုတ်ခဲ့တဲ့ (၁၉၉၂ ခုနှစ် ဟေတီနိုင်ငံ၊ ၁၉၉၇ခုနှစ် ဆီရီယာလီယွန်နိုင်ငံ) အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဘာတွေဖြစ်ပျက်တယ်ဆိုတဲ့ နောက်ထပ်သတိပြုစရာ အကြောင်းအရာတခုကလည်း ထပ်ရှိနေပါတယ်။ အဲဒါကတော့ ကုသမဂ္ဂအထွေထွေညီလာခံအနေနဲ့ အထောက်အထား စိစစ်ရွေးချယ်ရေးကော်မီတီက အကြံပြုချက်ပေးတဲ့အတိုင်း မဲမခွဲဘဲ လက်ခံတဲ့ အလေ့အထ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရမယ်ဆိုတဲ့ စည်းမျဉ်းတော့ မရှိပါဘူး။ ၁၉၇၃ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကတောင် အာဖရိကနိုင်ငံရဲ့ကိုယ်စားလှယ်ကို သူ့နိုင်ငံအစိုးရရဲ့ ဒီမိုကရေစီမကျတဲ့ လူမျိုးရေးအသားအရောင်ခွဲခြားမှုတွေကြောင့် မဲခွဲပြီး အဲဒီကိုယ်စားလှယ်ရဲ့ အထောက်အထားတင်ပြမှုတွေကို ကန့်ကွက်ပယ်ချခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့အရေးမှာတော့ အထွေထွေညီလာခံက  ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ အစိုးရနဲ့ အတူ ရပ်တည်ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လအတွင်းမှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာလက်နက်ကိုင်အဖွဲ့တွေကို ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ်ထားတဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့နဲ့ တခြားနိုင်ငံတွေကို မြန်မာနဲ့ လက်နက်အရောင်းအဝယ်ကိစ္စ အဆုံးသတ်ဖို့ တိုက်တွန်းတောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို အတည်ပြုပေးခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မဖြစ်မနေလိုက်နာရမှာမဟုတ်ပေမဲ့ အာဏာသိမ်းမှုတွေကို ရှုတ်ချတာမျိုး ဖြစ်ခဲလှတဲ့ ကုလသမဂ္ဂအဝန်းအဝိုင်းမှာ ထင်ရှားပေါ်လွင်မှုတော့ ရှိခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်ဟာ ဘီလာရုစ်နိုင်ငံက ကန့်ကွက်မဲတစ်မဲ၊ ထက်ဝက်ကျော်တဲ့ အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့အတူ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်နေရာကို ခန့်အပ်ဖို့ဆုံးဖြတ်တဲ့အချိန်မှာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ မဲတွေဟာ ဖယ်ရှားခံရတဲ့အစိုးရဘက်ကို ရောက်သွားဖို့ ဖြစ်နိုင်ခြေများပါလိမ့်မယ်။

စက်တင်ဘာလအထိ လုပ်ရမှာကတော့၊ အဝေးရောက်မြန်မာအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သံတမန်ရေး အသိအမှတ်ပြုဖို့ကြိုးပမ်းရတဲ့ ကမ္ဘာအနှံ့ဝါဒဖြန့်ချိရေးပွဲတွေကို ပါဝင်ပတ်သက်ဖို့ပါပဲ။ အင်အားကြီးတဲ့နိုင်ငံတွေ ဒါမှမဟုတ် နိုင်ငံအများအပြားရဲ့ အသိအမှတ်ပြုမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိစ္စကို အထောက်အထားစိစစ်ရေးကော်မီတီက အသိအမှတ်ပြုဖို့ တွန်းအားတရပ်ဖြစ်စေပါလိမ့်မယ်။

အစိုးရတရပ်ကို နိုင်ငံတခုနဲ့တခု အသိအမှတ်ပြုတဲ့အခြေခံမှုဟာ တနိုင်ငံတည်းရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်ပါ။ နိုင်ငံတွေဟာ ကိုယ်ကြိုက်တဲ့အစိုးရကို ဘယ်လိုအစိုးရမျိုးဖြစ်ဖြစ် အသိအမှတ်ပြုခွင့် ရှိပါတယ်။ 

ယေဘုယျကျင့်သုံးလေ့ရှိတာကတော့ နိုင်ငံတွေဟာ တနိုင်ငံလုံးရဲ့နယ်ပယ်တွေကို စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီး၊ မြို့တော်ကိုသိမ်းပိုက်ထားနိုင်တဲ့ အစိုးရမျိုးကို အသိအမှတ်ပြုလေ့ရှိပါတယ်။ အဲဒီအတိုင်းဆိုပါက၊ မြန်မာနိုင်ငံရဲ့ကိစ္စမှာတော့ စစ်တပ်ရဲ့ ထုတ်ဖော်ကြေညာမှုက ပိုအားကောင်းပါတယ်။

စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ ဝေဟင်ကို ထိန်းချုပ်ထားပါတယ်။ အဲဒီလိုအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေသိမ်းတိုက်ပွဲတွေမှာ အနိုင်မရနိုင်သေးပါဘူး။ တရုတ်၊ရုရှားနဲ့ မြန်မာရဲ့အိမ်နီးချင်းတွေဖြစ်တဲ့ အာဆီယံနိုင်ငံတွေဟာ လက်တွေ့ကျကျပဲ စစ်တပ်က ဖန်တီးထားတဲ့ အုပ်ချုပ်သူအာဏာပိုင်ဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စကစ) ကိုပဲ အသိအမှတ်ပြုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူ့ရဲ့အဆိုပြုချက်ဖြစ်တဲ့ နိုင်ငံတွေဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကောင်းဆုံးကိုယ်စားပြုတဲ့ အစိုးရမျိုးကို အသိအမှတ်ပြုသင့်တယ်ဆိုတာနဲ့ ဆွဲဆောင်နေပါတယ်။

အဲဒီအတိုင်းဆိုပါက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ဖော်ကြေညာချက်ဟာ သံသယရှိစရာမလိုလောက်အောင် ပိုပြီးအားကောင်းပါတယ်။ စစ်တပ်ရဲ့ ထုတ်ဖော်ကြေညာချက်ဖြစ်တဲ့ ရွေးကောက်ပွဲဟာ မမှန်ကန်မှုတွေနဲ့ ညစ်ပတ်မှုတွေ ရှိနေတယ်ဆိုတဲ့ကြားက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၂၀ရွေးကောက်ပွဲမှာ ရှင်းရှင်းလင်းလင်း အနိုင်ရသူဖြစ်ပါတယ်။

အဓိက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ထည့်သွင်းဖွဲ့စည်းထားပါတယ်။ တခြားအဖွဲ့ဝင်တွေကတော့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖယ်ရှားခံရတဲ့ အစိုးရက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ပြည်နယ်တွေက ကိုယ်စားလှယ်အများစုအပြင် ရိုဟင်ဂျာကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံအများအပြားအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးကြပေမယ့် ဘယ်နိုင်ငံကမှ အသိအမှတ်ပြုတာ မရှိသေးပါဘူး။ လတ်တလော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရရော၊ စစ်ကောင်စီကပါ ထိုင်ခုံနေရာပေးအပ်ခြင်း မခံခဲ့ရပါဘူး။ အဲဒါဟာ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ရလဒ်လည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

စက်တင်ဘာလမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စားလှယ်သာ မြန်မာနိုင်ငံရဲ့နေရာကို ရခဲ့မယ်ဆိုရင်၊ ဒါဟာ မြန်မာနိုင်ငံတွင်း တိုက်ပွဲဝင်နေတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ကိုယ်ကျင့်သိက္ခာအရ သမိုင်းဝင်တဲ့အောင်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ အကျပ်အတည်းကို အဆုံးသတ်သွားအောင် ဆောင်ကြဉ်းလာနေတဲ့  အလားအလာမျှော်မှန်းချက်တွေကိုလည်းပဲ အားလျော့သွားဖို့ ဖြစ်စေပါလိမ့်မယ်။

နောက်ကွယ်က သင်္ကေတဆန်တဲ့ ကုလသမဂ္ဂရဲ့ထောက်ခံမှုတွေနဲ့အတူ၊ မြန်မာပြည်တွင်းမှာတော့ ပြည်သူတွေဟာ ပေးဆပ်မှုကြီးမားပြီး မယုံကြည်နိုင်စရာ အောင်ပွဲအတွက် ခက်ခက်ခဲခဲ တိုက်ခိုက်ကြပါလိမ့်မယ်။

အခုထက်ပိုပြီး ဝိုင်းပယ်တာခံရတဲ့ စစ်တပ်ကတော့၊ ဧပြီလ ၂၄ ရက် အာဆီယံထိပ်သီးအစည်းအဝေးက ချမှတ်တဲ့ သဘောတူညီမှု ၅ ရပ်ထဲက ဒီနေ့အထိ အလျှော့ပေးထားတာတွေနဲ့ပဲ ရှေ့ဆက်ဖို့ အကြောင်းပြချက် နည်းနည်းသာ ရှိနေပါလိမ့်မယ်။

အာဆီယံက အခု အထူးသံတမန်ခန့်အပ်ထားပြီဖြစ်ပြီး ကုလသမဂ္ဂကလည်း မြန်မာပြည်ရဲ့ကြီးထွားလာနေတဲ့ လူသားချင်းစာနာမှု  အကျပ်အတည်းတွေကို သက်သာစေဖို့ အာဆီယံအထူးသံတမန်နဲ့ အတူတကွလုပ်ဆောင်သွားမယ်လို့ အသေအချာ ဆုံးဖြတ်ထားပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ထိုင်ခုံနေရာကို ဘယ်သူ့မှမပေးဘဲ ချန်လှပ်ထားခြင်းက ပြည်တွင်းမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အကောင်းဆုံးကိုယ်စားပြုမှု ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းစစ်ရဲ့ဒီရေကို ရပ်တန့်စေရေးအတွက် အကောင်းဆုံးအခွင့်အရေးရဖို့ရန် အထောက်အကူလည်း ပြုစေမှာဖြစ်ပါတယ်။

ဘာသာပြန်- အေးမင်း(တာမွေ)

https://www.lowyinstitute.org/the-interpreter ဝက်ဆိုက်မှာဖော်ပြထားတဲ့ စာရေးသားသူ- ကက်သရင်းရမ်ရှောရဲ့ "The battle for Myanmar’s seat in the UN General Assembly" ဆောင်းပါးကို ဘာသာပြန်ဖော်ပြထားတာဖြစ်ပါတယ်"

(စာရေးသူ ကက်သရင်းရမ်‌ရှောဟာ ဆစ်ဒနီအနောက်ပိုင်းတက္ကသိုလ် ဥပဒေဌာနရဲ့ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။ လတ်တလော သူ့ရဲ့စာအုပ်ကတော့ အရှေ့တောင်အာရှရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးပါဝင်မှု (ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်က ၂၀၁၉ခုနှစ်ထုတ်ဝေ) ဖြစ်ပါတယ်။ သူရဲ့ သုတေသနအထူးပြုချက်ကတော့ အရှေ့တောင်အာရှ ဒေသဆိုင်ရာဝါဒ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်ပါတယ်။ သူရဲ့လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်ကို အဓိကထားကြည့်ရှုတာဖြစ်ပြီး၊ ဩစတြေးလျ-မြန်မာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီပရောဂျက် တည်ထောင်သူတဦးလည်း ဖြစ်ပါတယ်။)

4 months Ago

February 27, 2021

အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြုရန် ကုလအထူးကိုယ်စားလှယ်ပြော

စစ်တပ်ဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာကြောင့် အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ပြောလိုက်တာပါ။

 “တည်ဆဲဥပဒေယန္တရားတွေကို ကျင့်သုံးရမယ့်အစား စစ်တပ်ဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တရားဝင်စေဖို့ မတူခြားနားတာတွေကို လိုသလို အသုံးချပြီး အကြောင်းပြခဲ့တယ်။ ကျမက “ကြိုးပမ်းမှု” လို့ ပြောရတဲ့အကြောင်းကတော့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှုမရှိတဲ့အပြင် လူထုက ပစ်ပစ်ခါခါ ပယ်ချနေပုံရှိပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီအာဏာသိမ်းအစိုးရအပေါ် တရားဝင်မှု မပေးဖို့ အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်။ ကျမက “အာဏာသိမ်းမှု” လို့ ပြောရတာကတော့ သူတို့ ဘယ်လိုပြောနေပါစေ အရေးအပေါ် အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွှဲယူမှုဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အခြေခံဥပဒေနဲ့အညီ ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းခဲ့တယ်ဆိုတာလည်း သူက ပြောပါတယ်။

“ဒီလွှတ်တော်အမတ်တွေဟာ သူတို့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ ရဲရဲဝံ့ဝံ့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့အတွက် ပါဝင်ဆွေးနွေးဖို့ စင်္ကြံတခုပေးဖို့ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

9 months Ago
Up