ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်

April 3, 2021

“နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူ အသက်ရှင်နေသရွေ့ တရားစွဲလို့ရတယ်” ကုလစုံစမ်းစစ်ဆေးအဖွဲ့ IIMM အကြီးအကဲ

မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး မှတ်တမ်းယူထားဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကနေ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (IIMM) ကို ၂၀၁၈ ခုနှစ်က ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က စပြီး ရခိုင်၊ ကချင်၊ ရှမ်းအပါအဝင် မြန်မာနိုင်ငံအနှံ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွန်ခဲ့တဲ့ တနှစ်ကျော်ကစပြီး စုံစမ်းစစ်ဆေးပြီး အမှုတွဲတွေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

အခု ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်အပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုတွေဟာ နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်တွေအပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု မြောက်တယ်လို့  ဒီအဖွဲ့ရဲ့ အကြီးအကဲ မစ္စတာ  မစ္စတာ နီကိုးလပ်စ်ကွန်ဂျန်းက  ပြောဆိုလိုက်ပါတယ်။

သူဟာ  လိုက်ဘေးရီးယား၊ ယူဂိုဆလားဗီးယား၊ ကမ္ဘောဒီးယား၊ ရဝမ်ဒါ စတဲ့နိုင်ငံတွေက စစ်ရာဇဝတ်ကောင်တွေကို ကုလသမဂ္ဂ ခုံရုံးတွေမှာ စစ်ဆေးအပစ်ခဲ့တဲ့  စုံစမ်းစစ်ဆေးသူ၊ တရားသူကြီးအဖြစ်   နှစ်ပေါင်း ၂၀ ကျော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

မစ္စတာ  မစ္စတာ နီကိုးလပ်စ်ကွန်ဂျန်းကို  ဒီဗွီဘီ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က  လတ်လော မြန်မာ အာဿာသိမ်းစစ်ကောင်စီရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။

မေး။        ။  မေးမြန်းခွင့် ပြုတာ အထူး ကျေးဇူးတင်ပါတယ် မစ္စတာ နီကိုးလပ်စ်ကွန်ဂျန်း။  

ဖြေ။      ။ “ကျနော်လည်း  ဝမ်းသာပါတယ်။”

မေး။      ။ ဖေဖော်ဝါရီလ ၁  ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ဟာ   အနီးကပ်စောင့်ကြည့်နေတယ်လို့ သိထားပါတယ်။ မြန်မာနိုင်ငံမှာ  လူ့အခွင့်အရေးတွေကို  နေ့စဉ် ဆိုးဆိုးရွားရွား ချိုးဖောက်နေတာ၊ ဆန္ဒပြသူအများအပြားကို  စစ်တပ်က သတ်ဖြတ်နေတာတွေ  တွေ့မြင်ရမှာပါ။   ဒါတွေကို ဥပဒေ ရှုထောင့်က ဘယ်လို ဖွင့်ဆိုမလဲ။

ဖြေ ။     ။  “ဥပဒေရှုထောင့်နဲ့  ကြည့်တာက    ကျနော်တို့ရဲ့ လုပ်ပုံလုပ်နည်းလည်းဖြစ်သလို   တာဝန်လည်းဖြစ်ပါတယ်။ ရာဇဝတ်မှုမြောက်သလား၊ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေသလား ဆိုတာ ကြည့်ရတာက  ကျနော်တို့ တာဝန်ဖြစ်ပါတယ်။”

“ကျနော်တို့အဖွဲ့က  ဘယ်လို အလုပ်လုပ်သလဲဆိုတာကို အရင်ဆုံးပြောပြမယ်။ ကျနော်တို့ အဖွဲ့  IIMM  ကို  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့ပေးတာပါ။ မြန်မာနိုင်ငံမှာ မုဒိမ်းမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်။  အထူးသဖြင့် ရခိုင်ဒေသမှာ ဖြစ်နေတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပြီးနောက်မှာ ဖွဲ့ပေးတာပါ။  အစီရင်ခံစာက လူ့အခွင့်အရေး ချိုးဖောက်မှု တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တယ်လို့ဆိုတယ်။ အဖွဲ့အနေနဲ့ လုပ်ငန်းစလုပ်တာက ၂၀၁၇ မှာ ဖြစ်တယ်။ အဖွဲ့ကို ပေးထားတဲ့ တာဝန်က မြန်မာပိုင်နက်ထဲမှာ ၂၀၁၁  ဇန်နဝါရီ ၁ ရက်က စပြီး ရှိနေခဲ့တဲ့  နိုင်ငံတကာ ရာဇဝတ်မှုတွေနဲ့  နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုတွေကို ကြည့်ဖို့ပဲ။  အခုအချိန်အထိ ဖေဖော်ဝါရီ အာဏာသိမ်းတဲ့နောက်ပိုင်းဖြစ်ရပ်တွေကိုလည်း ဆက်ကြည့်နေပါတယ်။”

“နိုင်ငံတကာ ရာဇဝတ်မှုကြီးတွေဆိုတာက  လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ် ကိုဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို ဆိုလိုပါတယ်။ လက်ရှိ တွေ့ရှိချက်က မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှု ကျူးလွန်နေပြီလို့ စိုးရိမ်ရတဲ့ အနေအထားပါ။ ရာဇဝတ်မှုတွေက ပုံစံမျိုးစုံပဲ။   သတ်ဖြတ်တယ်၊  မတရားဖမ်းဆီးတယ်၊ မိသားစုကို အသိမပေးဘဲ ထောင်ချတယ်၊  ညှဉ်းပန်း နှိပ်စက်တယ်၊ ဒါတွေက နိုင်ငံတကာရာဇဝတ်မှုတွေပါပဲ။   နေရာအနှံ့အပြားမှာ အရပ်သားအများအပြားအပေါ် စနစ်တကျ တိုက်ခိုက်နေမယ်ဆိုရင် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု သဘောသက်ရောက်ပါတယ်။”

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အာဏာသိမ်းတယ်။ အရင်ကလည်း သမိုင်းရှိခဲ့တာဆိုတော့ အဲဒီနောက်ပိုင်းဖြစ်ရပ် တွေကို ကျနော်တို့ တောက်လျောက် စောင့်ကြည့်နေခဲ့ပါတယ်။ အကြမ်းဖက်မှုတွေက တနေ့ထက် တနေ့ တိုးလာနေတာ တွေ့ရတယ်၊ စိတ်ဝင်စားစရာကောင်းတာက ဒီအကြမ်းဖက်မှုတွေကို အာဏာသိမ်းတဲ့နေ့မှာ  စခဲ့တာ မဟုတ်ဘူး။ နှစ်ပတ် သုံးပတ်ကြာတော့မှ ဖြစ်လာတာ၊ သူတို့ မူဝါဒ ပြောင်းသွားတဲ့ပုံပဲ၊ မူဝါဒပြောင်းလိုက်တာက နေရာတခုတည်းမှာ ဖြစ်တာမဟုတ်ဘူး၊ တိုင်းပြည်အနှံ့ နေရာပေါင်းစုံမှာ ဖြစ်နေတယ်။ တရက်တည်းဖြစ်တာလည်း မဟုတ်ဘူး၊ နေ့စဉ်ရက်ဆက် ဖြစ်နေတယ်၊ လူပေါင်းထောင်နဲ့ ချီပြီး မတရားဖမ်းဆီးနေတာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်တဲ့အတွက် လူလေးရာကျော် သေဆုံးသွားတာတွေကို  မြင်နေရတာဆိုတော့ ဒါဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုပဲလို့ ကျနော်တို့ စိုးရိမ်မိပါတယ်။”

ဘာကြောင့်လဲဆိုတော့ ကျူးလွန်မှုတွေက နေရာအနှံ့ကျယ်ပြန့်ပြီး တပြိုင်နက်ကျူးလွန်နေလို့ပါပဲ။ နောက်ပြီး ကျူးလွန်တဲ့ပစ်မှတ်ကိုလည်း စနစ်တကျသတ်မှတ်ထားတာ တွေ့ရတယ်။ ဥပမာ သတင်းသမားတွေ၊ လူ့အခွင့်အရေးကာကွယ်သူတွေ၊ နိုင်ငံရေးပါတီဝင်တွေကို အဓိက ပစ်မှတ်ထားနေတာမျိုးတွေ့ရတယ်။ ဒါတွေအားလုံးကို ကြည့်လိုက်ရင် ကျနော်တို့ လုပ်ရမယ့် တာဝန်ထဲမှာ ရှိတာတွေပဲလို့မြင်ရတယ်။ ဒါကြောင့် ရာဇဝတ်မှုနဲ့ဆိုင်တဲ့ အထောက်အထားတွေကို တတ်နိုင်သလောက် စုဆောင်းနေပါတယ်။ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုတဲ့နေရာမှာ ရာဇဝတ်မှုဖြစ်ပွားပုံနဲ့ ကျူးလွန်ခံရတဲ့သူတွေ သိဖို့သာ အရေးကြီးတာ မဟုတ်ဘူး၊ ဒီအမှုမှာ ဘယ်သူက တာဝန်ရှိတာလဲ၊ ဘယ်သူက တာဝန်ယူရမှာလဲ ဆိုတာကို သက်သေပြနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ တာဝန်ရှိသူ ဆိုရာမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်တဲ့သူ

တင်မကဘဲ ပစ်မိန့်ပေးသူကိုပါ သက်သေပြနိုင်ဖို့လိုပါတယ်။ အကြမ်းဖက်မှုမှာ အမိန့်ပေးတဲ့သူဟာလည်း ရာဇဝတ်မှုနဲ့ ငြိစွန်းပါတယ်။ နိုင်ငံတကာဥပဒေကို လိုက်နာဖို့ပျက်ကွက်တဲ့ တပ်မှူးတွေဟာ အမှုနဲ့ငြိစွန်းပါတယ်၊ တပ်မှူးတွေဟာ ဒီလိုလူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇဝတ်မှုကို မကျူးလွန်အောင် တားဆီးဖို့၊ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ လိုအပ်တဲ့အရေးယူမှုတွေလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ အထောက်အထားစုဆောင်းတဲ့ ကျနော်တို့ အလုပ်က ခက်ခဲရှုပ်ထွေးပါတယ်၊ အထောက်အထားတွေက အများကြီး ရနေပါပြီ။ ပြည်သူတွေက နေ့စဉ် ပို့ပေးနေပါတယ်။”

မေး။     ။  ပြီးခဲ့တဲ့အပတ်က ခင်ဗျားရဲ့ အစီရင်ခံစာနဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ဖြစ်နေတာတွေဟာ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇဝတ်မှုသဘော သက်ရောက်နေတယ်လို့ဖော်ပြထားပါတယ်။ အခုအချိန်မှာတော့  မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ခင်ဗျားပြောနေပြီလား။” 

ဖြေ။    ။  “ ကျနော်တို့က  စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးအဆင့်မှာပဲ ရှိနေပါသေးတယ်၊၊ ကမ္ဘာတလွှားမှာ လုပ်ခဲ့တဲ့ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးတွေကို အခြေခံပြီး ကြည့်မယ်ဆိုရင် ကျနော်တို့ နေ့စဉ် ရနေတဲ့ အထောက်အထားတွေက လူသားမျိုးနွယ်ဆန့်ကျင်တဲ့ရာဇဝတ်မှု သဘောကို ဖော်ပြနေပြီလို့တော့ ပြောနိုင်ပါတယ်။ ရာဇဝတ်မှုတွေက ကျယ်ပြန့်ပြီး စနစ်ကျနေတယ်။ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတယ်။  နေရာအများအပြားမှာ ဖြစ်နေတယ်။ အာဏာသိမ်းကတည်းက အကြမ်းဖက်တာ မဟုတ်ဘူး။ နောက်မှ အကြမ်းဖက်တဲ့ဆီ ပြောင်းသွားတယ်။ သေတဲ့အထိ ပစ်ခတ်တာမျိုးကို ပုံမှန်လုပ်လာတယ်။  ဒါတွေက မူဝါဒတစ်ခုကို လိုက်နာတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးအဆင့်မှာတင် အခုအထိရထားသမျှ အထောက်အထားတွေအရ လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုသဘောသက်ရောက်နေပါပြီ”။

မေး။   ။ ကျနော်တို့ လည်း အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ နေ့စဉ်တိုးလာနေတာကို တွေ့မြင်နေခဲ့ရတယ်။ ကျနော်တို့လည်း သတင်းထုတ်နေခဲ့တယ်၊ ဆန္ဒပြသူတွေကို ဖြိုခွဲတယ်။ ပစ်သတ်နေတယ်။ နေရာအနှံ့စနစ်တကျ သတ်နေတာပါ။ ရန်ကုန်နဲ့ မန္တလေးမှာတင် ဖြစ်တာ မဟုတ်ဘူး။ နိုင်ငံအနှံ့ ဖြစ်နေတာပါ။ ဖြစ်ရပ်တွေက ဆင်တူနေတာဆိုတော့ အထက် အမိန့်ပေးတာမျိုး ဖြစ်နေမလား။

ဖြေ။  ။ “ ကျနော်တို့  စုံစမ်းနေတာ၊ အထောက်အထားတွေ စုနေတာကလည်း ဒီကိစ္စရပ်အတွက်ပါပဲ။ နေရာတကာမှာ စနစ်တကျလုပ်နေတယ် နောက်ပြီး ပုံစံက ဆင်တူတယ်။ ဒါကြောင့် အကြမ်းဖက်နှိမ်နင်းဖို့ မူဝါဒတစ်ခုချပြီး လုပ်နေတဲ့ပုံမျိုး ပေါက်နေတယ်။ အကြမ်းဖက်နေတာတွေကို အထက်အရာရှိတွေက မသိတာမျိုးတော့ မဖြစ်နိုင်ဘူး။ သတင်းတွေက နေ့တိုင်းထွက်နေတာကိုး။  ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် တော်တော် စိုးရိမ်စရာကောင်းတယ်။ ဆန္ဒပြတဲ့ လူတွေကို ဦးခေါင်းတည့်တည့် ဒါမှမဟုတ် နောက်ကျောကို ပစ်ခံရမယ်လို့ ဖော်ပြထားတယ်။ ဒီလို ပစ်ခတ်စရာ ဘာအကြောင်းမှ မရှိဘူး။ ဒါက တစ်စုံတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုသက်သက် မဖြစ်နိုင်ဘူး။ ဒီလိုအထောက်အထားတွေကို စုဆောင်းပြီး ဒီအမှုတွေအတွက် ဘယ်သူတာဝန်ရှိသလဲ ဆိုတာ ကျနော်တို့ စစ်ဆေးနေတာပါ။”

မေး။     ။ အကြမ်းဖက်မှုခံစားရတဲ့ သာမန်ပြည်သူတွေက ခင်ဗျားတို့အတွက် အထောက်အထားရအောင် ဘယ်လို ကူညီနိုင်မလဲ။ ခင်ဗျားတို့အဖွဲ့က ၂၀၁၈ မှာ စဖွဲ့တယ်။ ၂၀၁၉ မှာ အထောက်အထားတွေစုတယ်။ ၂၀၁၁ ခုနှစ်ကတည်းက အမှုတွေ စပြီး စုတယ်လို့ သိရတယ်။ ကျူးလွန်တာခံရတဲ့ မြန်မာပြည်သူတွေ  အနေနဲ့ ခင်ဗျားတို့အလုပ်ကို ဘယ်လို ကူညီလို့ရနိုင်မလဲ။

ဖြေ။     ။ “ ကိုယ်တိုင်ခံစားရတာတွေက ကျနော်တို့ အလုပ်အတွက် အထောက်အကူဖြစ်ပါတယ်။ ကျနော်တို့ကို  ဆက်သွယ်ပါ။ ရာဇဝတ်မှုအတွက် မျက်မြင်သက်သေဖြစ်နိုင်ပါတယ်။ ကျနော်တို့ အတွက် သင့်လျော်တဲ့သက်သေဖြစ်နိုင်တယ်။ ခက်ခဲတာက ကျနော်တို့နဲ့ ဆက်သွယ်ဖို့ကိစ္စပဲ။ အကောင်းဆုံးအနေနဲ့ ကျနော်တို့က လူတွေ့မေးမြန်းတာလုပ်ချင်တယ် အခုအချိန်မှာတော့ ဒါက သိပ်ခက်ခဲတယ်။ ဒီနေ့ကာလ မော်ဒန်ခေတ်မှာ လူတွေက ရာဇဝတ်မှုကို ဗီဒီယိုရိုက်ထားနိုင်တယ်။

အသံသွင်း ထားနိုင်တယ်။ ဒါတွေက ကျနော်တို့ အတွက် အကူအညီရတယ်။ အကူအညီမရတာတွေကတော့ အင်တာနက်မှာ တင်ထားတဲ့ ဗီဒီယိုတွေကို ပို့ပေးနေတာပဲ။ ကျနော်တို့က  အင်တာနက်ပေါ်က ဗီဒီယိုတွေကို ကိုယ့်ဘာသာယူပြီး သိမ်းဆည်းထားနိုင်ပါတယ်။ ဒါတွေကို မပို့ပါနဲ့လို့ ပြောချင်ပါတယ်။ ပြစ်မှုအားလုံးနဲ့ပတ်သက်ပြီး တန်ဖိုးအရှိဆုံးနဲ့ ရရှိဖို့ အခက်ဆုံး အထောက်အထားကတော့ ဘယ်လို အမိန့်တွေပေးသလဲ၊ နောက်ပြီး အကြမ်းဖက်မှုဖြစ်လာတဲ့အထိ အမိန့်ကို အဆင့်ဆင့် ဘယ်သူတွေ ပေးခဲ့သလဲ၊ ဘယ်မူဝါဒ ကို ချမှတ်လုပ်ဆောင်ခဲ့သလဲ၊ ဒါတွေကို ဖော်ပြတဲ့ အထောက် အထားမျိုးပါ။ ဒီလို ဥပဒေနဲ့မညီတဲ့ အမိန့်တွေနဲ့ပတ်သက်ပြီး အချက်အလက်ရှိရင် ကျနော်တို့ကို ဆက်သွယ်ပါလို့ ပြောချင်တယ်။  အဲဒီအထောက်အထားကို သိမ်းထားချင်ပါတယ်။”

မေး။ ။  ဆန္ဒပြတဲ့သူတွေကို ပစ်သတ်ပါဆိုတဲ့ အမိန့်မျိုးလို ဥပဒေနဲ့မညီတဲ့ အမိန့်တခုခုပေးလာခဲ့ရင် စစ်တပ်ထဲက သာမန်အကြပ်တပ်သားတယောက်အနေနဲ့လည်း မှတ်တမ်းတင်ထားပြီး ခင်ဗျားတို့ဆီပေးပို့နိုင်တယ်လို့ ဆိုချင်တာလား။

ဖြေ။    ။ “ ဟုတ်ပါတယ်။ အဲဒီမှတ်တမ်းကို လုံခြုံစိတ်ချရတဲ့နည်းလမ်းနဲ့ ဘယ်လို ပို့ပေးရမလဲ ဆိုတာကို ကျနော်တို့ ပြောထားပါတယ်။ ပရိုတွန်မေးလ်တို့၊ ဆစ်ကနယ်လ်တို့လို စိတ်ချရတဲ့ ဆက်သွယ်ရေး နည်းလမ်းတွေသုံးပြီး ပို့ပေးနိုင်တဲ့အကြောင်း ပြောထားပါတယ်။ ကျနော် ပြောချင်တာက  ငြိမ်းချမ်းစွာဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ဖို့အမိန့်မျိုးအပေးခံရတယ်ဆိုပါစို့။  ဒီအမိန့်ဟာ နိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်တယ်ဆိုတာ ထင်ရှားပါတယ်။ ဥပဒေနဲ့မညီတဲ့ အမိန့်ဖြစ်တဲ့ အတွက် မလိုက်နာရပါဘူး။ ငြန်းဆန်ရမယ့်တာဝန် ရှိပါတယ်။ နိုင်ငံတကာရာဇဝတ်မှုနဲ့ တရားစွဲ ခံရတဲ့အခါ အမိန့်ပေးလို့ လုပ်ရပါတယ်လို့ ချေပလို့ မရပါဘူး။ ဥပဒေနဲ့ မညီတဲ့ အမိန့်ဖြစ်တဲ့အတွက် မလိုက်နာဘဲနေရမယ့် တာဝန်ရှိပါတယ်။”

မေး။     ။ ခင်ဗျားဟာ နိုင်ငံတကာခုံရုံးတွေမှာ တရားသူကြီးအဖြစ် ဒါမှမဟုတ် တရားစွဲရသူအဖြစ် လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်လို့သိထားပါတယ်။ ဆီအာရာလီယွန်း၊ ယူဂိုဆလားဗီးယား၊ ကမ္ဘောဒီးယား အရှေ့တီမော စတဲ့နိုင်ငံတွေအပါအဝင်ပေါ့။ အဲဒီနိုင်ငံကဖြစ်ရပ်နဲ့ မြန်မာနိုင်ငံက ဖြစ်ရပ်မှာ တူညီတာတွေ တွေ့မိသလား။

ဖြေ။        ။  “ ဟုတ်ကဲ့။ ခင်ဗျားပြောတဲ့နိုင်ငံတွေမှာ လုပ်ခဲ့တဲ့ခုံရုံးတွေမှာ ကျနော်က တရားစွဲသူအဖြစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေကဖြစ်ရပ်တွေမှာ တူညီတာကတော့ ခံရတဲ့သူတွေဘက်က ရပ်တည် ချက်ပါပဲ။ ကျူးလွန်မှုကိုခံစားခဲ့ရသူတွေအတွက် တရားမျှတမှုဟာ အလွန်အရေးကြီးပါတယ်။ ပထမဆုံး သူတို့လိုလားတာက ဒီလိုရာဇဝတ်မှုမျိုးကို ရပ်တန့် စေဖို့ပဲ။ ရေရှည်အားဖြင့် သူတို့ဟာ တရား မျှတမှုကို မြင်ချင်တယ်။ တရားမျှတမှုဆိုတာ

ဘာလဲ။ ကျနော်က ယူဂိုဆလားဗီးယား၊ ကမ္ဘောဒီးယား၊ ဒါဖောတို့ ၊ ဆီအာရာလီယွန်းတို့က လူတွေနဲ့စကားပြောကြည့်တဲ့အခါ ပထမဆုံးအချက်က သူတို့ခံစားခဲ့ရတာကို ကမ္ဘာက အသိအမှတ်ပြုပေးဖို့ပဲ။ ငါတို့အပေါ် တကယ်ကျူးလွန်ခဲ့တယ်၊ ဒါဟာ တကယ့် ဖြစ်ရပ်မှန် ဖြစ်တယ်။ ဒါကိုအသိအမှတ်ပြုဖို့။ ဒုတိယအချက်က ပြစ်မှုကျူးလွန်ခဲ့ရာမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးဖို့။ ကမ္ဘာတစ်ခုလုံးအတွက် ဒီရပ်တည်ချက်က အလွန်ထူးခြားတဲ့အရာပါ။ ကမ္ဘာကြီးပြောင်းလဲသွားခဲ့တာ နှစ်ပေါင်း၃၀ နီးပါးရှိသွားပါပြီ။ ၁၉၉၃ ခုနှစ်က လုပ်ခဲ့တဲ့ ယူဂိုဆလားဗီးယားခုံရုံးမှာ စပြီး ပြောင်းလဲသွားခဲ့တာပါ။ အဲဒီမှာ ကမ္ဘာတစ်ခုလုံးတာဝန်ရှိတယ်ဆိုတဲ့အချက်ကို လက်ခံဖို့ ပထမဆုံးကြိုးစားခဲ့ တာပါ၊ အဲဒီခုံရုံးမတိုင်မီ မျိုးဆက်တဆက်လောက်ရှိခဲ့တဲ့ တိုကျိုခုံရုံးနဲ့ လုံးဝမတူတော့ပါဘူး။ တိုကျိုခုံရုံးမှာတော့ စစ်နိုင်သူတွေက စစ်ရှုံးသူတွေကို တာဝန်ရှိသူတွေအဖြစ် ခုံရုံးတင်ခဲ့တာပါ၊ အမြင်ပြောင်းသွားတာက လူသားမျိုးနွယ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုလို ကြီးမားတဲ့အမှုတွေအတွက်

ကျူးလွန်သူတဦးချင်းဆီမှာ တာဝန်ရှိသလို ကမ္ဘာကြီးတခုလုံးကလည်း တာဝန်ရှိတယ်ဆိုတဲ့ အချက်ပဲ။”

“ဒီလို တာဝန်ရှိမှုမျိုးကို လက်ခံဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀အတွင်း ကြိုးစားနေခဲ့ကြပါတယ်။  နိုင်ငံတကာခုံရုံးတွေမှာ နိုင်ငံတိုင်းက ပါဝင်ပြီး စုံစမ်းစစ်ဆေးပေးတာမျိုးတော့ မဖြစ်လာ သေးပါဘူး။ လက်တွေ့နိုင်ငံရေးအနေအထားက နိုင်ငံတကာတရားမျှတမှုရဲ့ ထိရောက်မှုကို ကန့်သတ်နေပါတယ်။ ဒါပေမဲ့ ထူးခြားတဲ့အချက်တစ်ခုကတော့ ပိုပြီး အားကောင်းလာနေပါတယ်။

ဘာလဲဆိုတော့ ဒီလို ရာဇဝတ်မှုမျိုးကို ကျူးလွန်မယ့်သူဟာ အဲဒီအမှုအတွက် အမြဲတမ်းတာဝန်ယူနေရမယ်ဆိုတဲ့ အချက်ကို သိထားရပါလိမ့်မယ်။ ဒါကြောင့် ဒါမျိုးကို မကျူးလွန်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ တရားစီရင်မှုဟာ အမှတ်သညာကြီးပါတယ်။ နိုင်ငံတကာတရားစီရင်မှုက ဆင့်ခေါ်နေတဲ့အခါ နောက်ဆုံးတော့ ခင်ဗျားရဲ့တံခါးကို လာခေါက်တော့မှာပဲလို့သိနေရင် ခင်ဗျား ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်လို့ပါပဲ။”

မေး။      ။ ကမ္ဘောဒီးယားက ကုလသမဂ္ဂနဲ့ ကမ္ဘောဒီးယားအစိုးရတို့ပူးပေါင်းလုပ်ဆောင်တဲ့ခုံရုံးမှာ ခင်ဗျားက တွဲဘက်တရားသူကြီးအဖြစ် အဖြစ်ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီတုန်းက လူ့အခွင့်အရေး ဖောက်ဖျက်သူတွေဟာ နှစ်ပေါင်းအများကြီးကြာတော့မှ အပြစ်ပေးတာခံခဲ့ရတယ်။ အဲဒီအကြောင်း နည်းနည်းရှင်းပြပေးပါ။

ဖြေ။     ။  “ ကုလသမဂ္ဂနဲ့ကမ္ဘောဒီးယားအစိုးရတို့ရဲ့သဘောတူညီချက်နဲ့ဖြစ်လာတဲ့ အဲဒီခုံရုံးက ခမာနီတွေကို တရားစွဲရာမှာ ကျနော်က နိုင်ငံတကာတရားစွဲဆိုသူအဖြစ် ပါဝင်ခဲ့တာပါ။ ဒီခုံရုံး ဖြစ်လာအောင် နှစ်ပေါင်း၃၀ ကြိုးစားခဲ့ရပါတယ်။ ကံကောင်းတာက ကမ္ဘောဒီးယား အထောက်အထား မှတ်တမ်းဌာနလို  လွတ်လပ်တဲ့အဖွဲ့အစည်းတွေရှိနေခဲ့တာပဲ။ သူတို့က အထောက်အထားတွေရှာဖွေ သိမ်းဆည်းထားကြတယ်။ ကျနော်က အဲဒီခုံရုံးမှာ တရားစွဲသူအဖြစ်လုပ်ရာကနေ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးအဖွဲ့( IIMM ) ကို ရောက်လာတာပါ။ ခမာနီထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်တဲ့ ကျူဆန်ဖန်ကို ၂၀၁၈ ခုနှစ်မှာ အပြစ်မပေးခင်အချိန်မှာပါ။ ကျူဆန်ဖန်က ခမာနီအစိုးရရဲ့ အကြီးအကဲဖြစ်ခဲ့သူပါ။ သူတို့ပြစ်မှုကျူးလွန်ခဲ့တာက ၁၉၇၃ ခုနှစ်မှာ စတင်ပြီး ၁၉၇၉ မှာ အဆုံးသတ် ပါတယ်။ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် နှစ်ပေါင်း ၄၀ လောက်ကြာမှ ပြစ်ဒဏ်ကို ခံယူခဲ့ရတာ ဖြစ်တယ်။ နိုင်ငံတကာတရားစီရင်မှုဟာ အမှတ်သညာကြီးတယ်ဆိုတဲ့အချက်အတွက် နမူနာတခုပါပဲ။”

“နောက်ပြီး အထောက်အထားတွေကို တတ်နိုင်သမျှရှာဖွေသိမ်းဆည်းထားဖို့လိုတယ်ဆိုတဲ့အချက် အတွက်လည်း နမူနာတခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်ကြာလာတဲ့အခါ အထောက် အထားတွေ ဗီဒီယိုတွေက ပျောက်သွားတတ်ပါတယ်။ လူတွေရဲ့ မှတ်ဉာဏ်ကလည်း မှေးမှိန်သွားတတ်တယ်။ တချို့လူတွေ သေဆုံးသွားတတ်တယ်။ သက်သေဖြစ်တဲ့ ရုပ်အလောင်းတွေလည်း ဆွေးမြေ့ ပျောက်ကွယ်သွားတတ်တယ်။ ဒါကြောင့် လူ့အခွင့်အရေးကောင်စီက ကျနော်တို့ အဖွဲ့ကို ဖွဲ့စည်းခဲ့ တာပါ။ ဆီးရီးယားနဲ့ အစ္စလာမ်နိုင်ငံများအဖွဲ့ အတွက်လည်း အထောက်အထားတွေ သိမ်းထားဖို့ အလားတူအဖွဲ့တွေကို  ဖွဲ့ပေးထားပါတယ်။”

မေး။     ။ ခင်ဗျားတို့အဖွဲ့က အထောက်အထားစုဆောင်းထားတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ သူတွေအနေနဲ့ ယခုအချိန်မှာ အနိုင်ရပြီး တိုင်းပြည်ကို အုပ်ချုပ်နေနိုင်ပေမဲ့ ရာဇဝတ်မှုကတော့ အမြဲ ချောက်လှန့်နေမှာပေါ့ ဟုတ်လား။

ဖြေ။      ။ “ဟုတ်ပါတယ်။ လူသားမျိုးနွယ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတို့၊ စစ်ရာဇဝတ်မှုတို့ ၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကာလကန့်သတ်ချက် မရှိပါဘူး။ ဒါက နိုင်ငံတကာဥပဒေရဲ့ အလွန်အရေးပါတဲ့ အခြေခံမူဖြစ်ပါတယ်။ နည်းနည်းထပ်ရှင်းပြချင်ပါတယ်။ ပြည်တွင်းဥပဒေတွေမှာ ကာလ ကန့်သတ်ချက် ရှိပါတယ်။ ရာဇဝတ်မှု တစ်ခုကို တရားစွဲတဲ့ အခါမှာ ကျူးလွန်ပြီး ၁၀ နှစ်

ဒါမှမဟုတ် နှစ် ၂၀ အတွင်း စွဲရမယ်လို့ ကန့်သတ် ထားတတ်ပါတယ်။  နိုင်ငံတကာ ရာဇဝတ်မှုတွေမှာတော့ ကျူးလွန်သူ အသက်ရှင်နေသရွေ့  တရားစွဲလို့ရပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က  ဥရောပမှာ တရားစွဲခဲ့တာ ဒုတိယကမ္ဘာစစ်က ကျူးလွန်ခဲ့မှုအတွက် စွဲတာ ဖြစ်ပါတယ်။  တချို့က အဆင့်မြင့်အရာရှိတွေ မဟုတ်ပါဘူး။ အသက် ၂၀ အရွယ်လောက်က ရဲဘက် စခန်းမှာ အလုပ်လုပ်ခဲ့သူတွေပါ။ နှစ်ပေါင်း ၆၀ကျော် ၇၀ ကြာတော့မှ တရားစွဲခံရပြီး အပြစ်ရခဲ့ပါတယ်”။

IIMM အဖွဲ့ကို သတင်းအချက်အလက် ပေးပို့မယ်ဆိုရင်

Independent Investigative Mechanism for Myanmar

Palais des Nations

8-14, Avenue de la Paix

CH – 1211 Geneva 10

Switzerland

Signal +41 76 691 12 08

Email: [email protected]

Facebook: facebook.com/MyanmarMechanism

(မိမိရဲ့ လုံခြုံရေး စိတ်ချရမှ ပေးပို့ရန်နှင့် အင်တာနက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ ပြန်နှံ့ နေပြီး အချက်အလက်တွေကို ရရှိပြီး ဖြစ်တာကြောင့် မပေးပို့ရန်ကိုလည်း IIMM အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။) 

8 months Ago
Up