ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ

October 14, 2022

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီ ဆွေးနွေးချက်များ ပြန်လည်သုံးသပ်ခြင်း

အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ ၅၁ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၇ ရက်နေ့အထိ ဆွေးနွေးကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သုံးကြိမ်ဆွေးနွေးခဲ့ကာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာ (OHCHR)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အစီရင်ခံစာနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေအပေါ်မှာ နိုင်ငံတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေက အပြန်အလှန် ဆွေးနွေးကြပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အလုပ်မဖြစ်တဲ့ ပိုနေမြဲကျားနေမြဲ မူဝါဒတွေကို ပြန်လည်စဉ်းစားသုံးသပ်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် လမ်းကြောင်းသစ်တခုကို ပြတ်ပြတ်သားသား ချမှတ်ရပ်တည်ဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဆွေးနွေးပွဲမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ မည်းမည်းမြင်ရာ အကုန်ပစ်ခတ်တိုက်ခိုက်တဲ့ နည်းလမ်းကို သုံးနေပြီး မိုးရာသီမှာ လေကြောင်းကနေ တိုက်ခိုက်တာရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်နေတာဟာ အရပ်သားတွေနဲ့ မြို့၊ ရွာတွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ ပိုများစေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ယာယီတာဝန်ယူထားတဲ့  နာဒါအယ်လ်နာရှစ်ဖ်ကလည်း ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့နဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေဝင်ပေါက်တွေကို အရေးယူပိတ်ဆို့ဖို့ OHCHR ရဲ့ အစီရင်ခံချက်မှာ ၂၀၁၇ မှာ မြန်မာကို စုံစမ်းစစ်ဆေးဖို့ဖွဲ့ခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး အဓိက ဆွေးနွေးသွားပါတယ်။

OHCHR ရဲ့ အစီရင်ခံစာမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အချက်လက်နဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၁၇ က ဖွဲ့ခဲ့တဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့ အကြံပြုချက်တွေမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မြောက်မြားစွာနဲ့ စစ်တပ်ပိုင် ကုမ္ပဏီတွေကို အရေးယူပိတ်ဆို့ဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပေမဲ့ ဗီတိုအာဏာပိုင် ရုရှားနဲ့ တရုတ်တို့ ပါဝင်နေတဲ့အတွက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ အိမ်နီးချင်းနိုင်ငံများနဲ့ အာဆီယံ၊ အထူးသဖြင့် ဒေသတွင်း ဘဏ္ဍာရေးဗဟိုချက်မ စင်ကာပူနိုင်ငံတို့ရဲ့ လှုပ်ရှားတက်ကြွမှု မရှိခြင်းတို့ကြောင့် ပိတ်ဆို့ အရေးယူမှုတွေရဲ့ အကျိုးသက်ရောက်မှုကို ရပ်တန့်သွားစေတာကို လေ့လာသူများက ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။

သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က အာဏာသိမ်းမှုကို ရှုတ်ချပေမဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုအသစ်တွေ ချမှတ်ထားခြင်းမရှိပါ။ ဒါကြောင့် ထိရောက်မှုမရှိတဲ့ ပိတ်ဆို့ အရေးယူမှုတွေက စစ်ကောင်စီကို ဘဏ္ဍာငွေတွေ ဆက်လက်ပံ့ပိုးပေးနေပါတယ်။ ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေအဖြစ် နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့လို စစ်ကောင်စီ နိုင်ငံခြားငွေရရှိနေတဲ့ ရင်းမြစ်တွေကို အဓိကထား ပိတ်ဆို့အရေးယူဖို့နဲ့ အရေးယူရာမှာ မြန်မာပြည်သူတွေအပေါ် အကျိုးသက်ရောက်မှု နည်းအောင်လုပ်ဖို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

လက်နက်ရောင်းချ လွှဲပြောင်းတာနဲ့ပတ်သက်ပြီး အရေးယူပိတ်ဆို့ဖို့လည်း ပါဝင်ပါတယ်။ စစ်တပ်က လေတပ်အင်အားနဲ့ လက်နက်ကြီး အလွန်အကျွံသုံးပြီး နေရာနဲ့ လူအမျိုးအစား မရှောင် ပစ်ခတ်နေပြီး ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူတွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။ နိုင်ငံတွေကြားမှာ လက်နက်ထောက်ပံ့ ရောင်းချတာတွေက နိုင်ငံတကာဥပဒေတွေကို ယခုလိုအခြေအနေတွေမှာ ချိုးဖောက်တာကို ဖြစ်စေပြီး လွှဲပြောင်းရောင်းချတဲ့ နိုင်ငံတွေက အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ်အပြင် ဂျီနီဗာကွန်ဗင်းရှင်းနဲ့ လက်နက်ကုန်သွယ်ရေးစာချုပ်တွေကိုပါ ချိုးဖောက်ရာ ရောက်စေနိုင်တယ်လို့ ဆိုပါတယ်။

ရုရှား၊ ဆားဘီးယား၊ အိန္ဒိယနဲ့ တရုတ်တို့ အပါအဝင် နိုင်ငံများစွာက စစ်ကောင်စီကို အာဏာသိမ်းပြီးကတည်းက လူ့အသက်တွေ သေကျေပျက်စီးနိုင်တဲ့ စစ်လက်နက်မျိုးစုံကို ထောက်ပံ့ဖြည့်တင်းနေပါတယ်။ အာဆီယံကာကွယ်ရေးအစီအစဉ်နဲ့ ဂျပန်က သင်တန်းပေးနေတာ အပါအဝင် အချို့နိုင်ငံတွေက စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ထားရှိနေသေးတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ပိုင်နဲ့ ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဆက်အဆံလုပ်တာ ပူးပေါင်းတာတွေမလုပ်ဖို့ ယခင်တည်းက FFM က ပြောထားပါတယ်။ ဂျပန် ကီရင်ဘီယာ ကုမ္ပဏီ အပါအဝင် တချို့ကတော့ တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မှုကနေ ထွက်ခွာလိုက်ကြပြီး ကုမ္ပဏီ ၃၈ ခုက အရေးယူ ဆောင်ရွက်မှုတွေ မရှိသေးတာကို ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။လူသားချင်း စာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေပေးရာမှာလည်း စစ်ကောင်စီနဲ့ တပ်ပိုင်ကုမ္ပဏီတွေကို အကျိုးအမြတ်မရစေဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီတွေက လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အားနည်းနေကြပါတယ်။ စစ်တပ်အတွက် အကျိုးအမြတ်အများဆုံး ဖြစ်ထွန်းနေတာက တွင်းထွက်သယံဇာတ တူးဖော်တဲ့ လုပ်ငန်းလည်း ဖြစ်နေပြီး စစ်တပ်က သူ့ရဲ့စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ စစ်ကောင်စီလက်ထက်မှာ ဥပဒေမဲ့ တူးဖော်မှုတွေလည်း ပိုမိုများပြားလာနေပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေကို များစွာသက်ရောက်လာနေတယ်လို့ ပါရှိပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ အုပ်ချုပ်မှုကို ဖော်ဆောင်နိုင်စွမ်းမရှိတဲ့ စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ဆက်လက်ဖိနှိပ် အကြမ်းဖက် ခြိမ်းခြောက်နေပါတယ်။ စစ်ကောင်စီက နိုင်ငံ့ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းနိုင်စွမ်းမရှိ ဖြစ်နေပြီး ကျန်းမာရေးစနစ်က ပြိုကျပျက်စီးနေကာ ကျောင်းနေအရွယ် ကလေးတဝက်ကျော်မကဟာ စာသင်နှစ် ၂ နှစ်ကျော် ပညာသင်ကြားခွင့် ဆုံးရှုံးနေရပါတယ်။ စစ်အုပ်ချုပ်မှုအပေါ် ပြည်သူတွေရဲ့ မယုံကြည်မှုနဲ့ ဆန့်ကျင်မှုတွေက သိသိသာသာ ပိုမိုကျယ်ပြန့်လာနေပါတယ်။

ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှု ရပ်တန့်သွားစေဖို့နဲ့ နိုင်ငံတကာရာဇဝတ်မှုမြောက် ကျူးလွန်ထားမှုတွေ တာဝန်ခံဖို့ စစ်တပ်ကို စီးပွားရေးအရ အထီးကျန်အောင် ထပ်မံပြုလုပ်ဖို့ များစွာလိုနေသေးတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က နိုင်ငံအရင်းမြစ်တွေကို ကိုယ်ပိုင်အကျိုးစီးပွားအတွက် အသုံးချပြီး ပြည်သူတွေကို အကြမ်းဖက်မှု ဖိနှိပ်မှုအမျိုးမျိုးမှာ အသုံးချနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားနဲ့ ဘာသာရေး၊ လူနည်းစုကိုယ်စားလှယ်များ၊ အလုပ်သမားသမဂ္ဂ စတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ကာ စစ်တပ်ကို ဘဏ္ဍာရေးဆိုင်ရာ အထီးကျန်ဖြတ်တောက်ဖို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းပါတယ်။

ဘယ်သူတွေ ထောက်ခံ ကန့်ကွက်ကြသလဲ

စစ်ကောင်စီအပေါ် လက်နက်ရောင်းချမှုပိတ်ပင်ဖို့ OHCHR ရဲ့ အစီရင်ခံစာက တိုက်တွန်းချက်ကို တဖက်သတ်စွပ်စွဲချက်တွေဆိုပြီး တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ မြန်မာနဲ့ကြားမှာ ပုံမှန် စစ်ဘက်ဆိုင်ရာ ကုန်သွယ်မှုတွေသာရှိပြီး ဒေသတွင်း လုံခြုံရေးကို မထိခိုက်ဖို့နဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းအတွက်သာ လက်ခံတဲ့နိုင်ငံတွေကို နိုင်ငံတကာစည်းမျဉ်း စည်းကမ်းတွေနဲ့အညီပဲ ရောင်းချတာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ လက်ရှိ OHCHR ရဲ့အဆိုက ပုံမှန် စစ်လက်နက်ပစ္စည်း ကုန်သွယ်တာကို ကန့်သတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ကတော့ နိုင်ငံရေးအကျဉ်းသားတွေသေဒဏ်ချမှတ်ခံရတာနဲ့ စစ်ကောင်စီ တဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အဓိကဆွေးနွေးပြီး အရေးယူမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းကို ကျူးကျော်မှုကြောင့် လူ့အခွင့်အရေးကောင်စီကနေ ထုတ်ပယ်ခံထားရတဲ့ ရုရှားကတော့ နိုင်ငံတချို့အနေနဲ့ လူ့အခွင့်အရေးကောင်စီကို အသုံးချပြီး မြန်မာ့အရေးကို နိုင်ငံရေးဆန်ဆန် လှုံ့ဆော်နေကာ ဘက်လိုက်မှုတွေ ကြိုတင်သတ်မှတ် ရွေးချယ်မှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်နေကြတယ်လို့ ဆွေးနွေးပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အာဆီယံကို တာဝန်ပုံချထားတာမျိုးထက် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းသစ်ကို ရှာဖို့လိုနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတချို့ကလည်း မြန်မာနိုင်ငံရှိ ဘက်ပေါင်းစုံ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ မြန်မာပြည်သူတွေအတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးတွေ လက်တွေ့ဖြစ်လာစေဖို့ လူ့အခွင့်အရေးကောင်စီနဲ့ တခြား ကုလသမဂ္ဂ ယန္တရားတွေရဲ့ ဦးစားပေးက ဘာဖြစ်သင့်လဲလို့ မေးခွန်းထုတ်ကြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဌာနကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန် ဆွေးနွေးမှုနဲ့ အကြံပြုချက်တွေကို  ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ အားနည်းချက်နှင့် အားသာချက်များ

ကုလလူ့အခွင့်အရေးကောင်စီကို နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားပြီး နိုင်ငံရေးသဘောသဘာဝရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ နိုင်ငံရေးအရ စေ့ဆော်မှုတွေပါတဲ့ ဆုံးဖြတ်ချက်တွေလည်း ချမှတ်တတ်ကြပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့ကိစ္စနဲ့ မြန်မာ့အရေးတွေမှာ တုံ့ပြန်ဆောင်ရွက်ပုံ နှေးကွေးတာတွေ ရှိခဲ့ပါတယ်။ အင်အားကြီးနိုင်ငံတွေက နိုင်ငံငယ်တွေနဲ့ အဖွဲ့ကြီးရဲ့ အစီအစဉ်တွေအပေါ်မှာ နိုင်ငံရေးအရ လွှမ်းမိုးမှုတွေလည်း ရှိတတ်ပါတယ်။ လူ့အခွင့်အရေးကိစ္စတွေမှာ တချို့နိုင်ငံတွေက ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်လိုကြပြီး တချို့နိုင်ငံကြီးတွေက အဲဒီလို အရေးယူမှုတွေ ချမှတ်မရအောင် တားဆီးတာမျိုး ရှိပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ရင် လူ့အခွင့်အရေးကောင်စီမှာ မလေးရှားလို တက်ကြွစွာ ဆွေးနွေးလိုတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ ရှိပေမဲ့ ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့လို ဆွေးနွေးဖို့ တက်ကြွမှုမရှိတဲ့ အာဆီယံအဖွဲ့ဝင်တွေလည်း ရှိပါတယ်။

တနှစ်ကို သုံးကြိမ် မဖြစ်မနေ ကျင်းပလေ့ရှိတဲ့ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးက အလေးထားဆွေးနွေးတဲ့ အထူးအစီအစဉ်အနေနဲ့ ပါဝင်လာပါတယ်။ လိုအပ်ရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့နိုင်ပြီး မြန်မာနိုင်ငံအတွက် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့ကို ဖွဲ့စည်းပြီး စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

လုံခြုံရေးကောင်စီကို လူ့အခွင့်အရေးကောင်စီက အကြံပြုချက်တွေ တင်ခဲ့ပေမဲ့ ဗီတိုအာဏာပိုင် တရုတ်နဲ့ ရုရှားတို့ကြောင့် အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်ခဲ့ပါ။ ဒါပေမဲ့ လူ့အခွင့်အရေးကောင်စီရဲ့ အကြံပြုဆွေးနွေးချက်တွေကို နိုင်ငံပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ ကုလအထွေထွေညီလာခံမှာ ဗီတိုအာဏာသုံးလို့ မရတဲ့အတွက် နိုင်ငံအများစု ဆုံးဖြတ်ချက် ချတာတွေ  ပြုလုပ်နိုင်ပါတယ်။

သန့်ထက်

(စာရေးသူသည် ထိုင်းနိုင်ငံ၊ မဟီဒေါတက္ကသိုလ်၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဘာသာရပ် မဟာတန်း တက်ရောက်နေသူတဦး ဖြစ်ပါတယ်။)

1 month Ago

September 19, 2021

စစ်တပ်ကျူးလွန်ခဲ့သည့် လူအစုလိုက်သတ်ဖြတ်မှုများကို ကုလလူ့အခွင့်ရေးကောင်စီထံ NUG အစိုးရက အစီရင်ခံစာတင်သွင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း  ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာ ၁၉ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ပြီး စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို ပြုစုထားတဲ့  အစီရင်ခံစာတစ်စောင်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ဒီကနေ့ တင်သွင်းလိုက်တာဖြစ်ပါတယ်။ ဒီအစီရင်ခံစာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ သူတွေကို တိုက်ရိုက်မေးမြန်း ပြုစုထားတာလို့လည်း ဆိုပါတယ်။

အဆိုပါ တိုင်းဒေသကြီး ၂ ခုမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေအပေါ် စတင် ထိုးစစ်ဆင်ပြီး နယ်မြေရှင်းလင်းခဲ့တဲ့ ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေ တင်ပို့ရောင်းချတာနဲ့ စစ်ရေး အကူအညီပေးတာတွေ ရပ်တံ့ဖို့၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး တရားမျှတမှု အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (အိုင်စီစီ) အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအရ ထိရောက်စွာ အရေးယူဖို့လည်း လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းပါတယ်။

ဒါ့အပြင် အကြမ်းဖက်ခံနေရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူလူထုတွေအပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးဖို့လည်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၇ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၁၀၈ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၂၂၇ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၅၉၁ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၇၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

PHOTO-UN

1 year Ago
More News
Up