ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားက ဒီနေ့ညနေ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။
“ဒီနေ့ကျမတို့ ဒီကုလရုံးရှေ့မှာ လာဆန္ဒပြတောင်းဆိုရတာက ကျမတို့ရဲ့ သူရဲကောင်းလေးဦးကို ကြိုးပေးသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး မကျေနပ်လို့ မတရားသတ်ဖြတ်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးဖို့ လာတောင်းဆိုတာပါ” လို့ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ မသီရိသစ္စာက ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ချက်ချင်းအရေးယူပေးဖို့ ဂျပန်-အင်္ဂလိပ် နှစ်ဘာသာနဲ့ ကြွေးကြော်ခဲ့ကြသလို အဆိုပါတောင်းဆိုမှုတွေ ရေးသားထားတဲ့စာကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ဆီ လိပ်မှုပြီး ဂျပန်ကုလသမဂ္ဂရုံးတာဝန်ရှိအရာရှိမှတဆင့် ပေးအပ်ခဲ့ကြပါသေးတယ်။
ဆန္ဒပြပွဲကို မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်လူမျိုးအပါအဝင် ဂျပန်ရောက် မြန်မာနိုင်ငံသား ၃၀၀ နီးပါးနဲ့ စီဒီအမ် တိုကျိုသံရုံးသံအရာရှိ ဦးအောင်စိုးမိုးလည်း လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
“ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစလို့ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ် မင်းမဲ့ဆန်ဆန်လုပ်နေတာတွေက အုပ်ချုပ်သူတွေအလုပ်လားလို့ ကျနော်က သူတို့ကို မေးချင်ပါတယ်။ အခုလို ပြည်သူတွေအပေါ် မတရားမှုကို ကျူးလွန်နေတာ လက်မခံနိုင်လို့ စီဒီအမ်ဝင်ခဲ့တာပါ။ အခုလည်း မင်းမဲ့ဆန်ဆန် ဒီတရားဥပဒေမဲ့ မတရားမှုကြီးကို လုံးဝလက်မခံနိုင်လို့ ကုလရုံးရှေ့ဆန္ဒပြကို အခုလို လာရောက်ပူးပေါင်းတာပါ” လို့ ဦးအောင်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို မြန်မာစစ်တပ်က သေဒဏ်ပေး ကွပ်မျက်လိုက်တဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ကလည်း အပြင်းအထန်ရှုတ်ချကြောင်း ဇူလိုင် ၂၅ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူတွေကိုအ ကြမ်းဖက်သတ်ဖြတ်နေတာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပိုမိုသိရှိကာ စစ်အုပ်စုကို အရေးယူတဲ့အထိ ဆောင်ရွတ်ပေးဖို့ရည်ရွယ်ပြီး တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်ရောက်မြန်မာ ၂၅ ယောက်က ဒီကနေ့ မတ်လ၂၀ ရက်ကစတင်ကာ ၄၈ နာရီကြာ အစာငတ်ခံဆန္ဒပြနေကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကိုသူရိန်က “သူတို့ကလက်နက်ကိုင်ပြီး ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတာကို နိုင်ငံတကာကသိဖို့နဲ့ နောက်တခုက ကျနော် တို့ပြည်သူတွေက ဘာမှ မရှိဘူး။ သူတို့ကလက်နက်ကိုင်အနိုင်ကျင့်နေတာ အင်အားချင်းမမျှလို့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာကဝင်ပြီး အရေးယူဆောင်ရွတ်ပေးဘို့ မြန်မာပြည်သူတွေကိုယ်စား လာရောက်ဆန္ဒပြနေရတာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်
အစာငတ်ခံဆန္ဒပြပွဲနဲ့အတူ CRPHကို ထောက်ခံဖို့ ဂျပန်ဝန်ကြီးချုပ်ထံ အကူအညီတောင်းခံမယ့် ဂျပန်ပြည်တွေရဲ့ လက်မှတ်ရေးထိုးကောက်ခံမှုအစီအစဉ်ကိုလည်း ပြုလုပ်နေပါတယ်။
ဇော်ဇော်လှိုင်