ကုလလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

May 1, 2018

ကုလလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး  

  မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စ ဆွေးနွေးပါတယ်။ တွေ့ဆုံရာမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဘက်က စိစစ်ပြီးသူတွေကို ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ် နေပြီဖြစ် ကြောင်း၊ နေရပ်စွန့်ခွာသူတွေကို ဆောလျင်စွာပြန်လည် လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ် ဘက်မှ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းနဲ့ နှစ်နိုင်ငံသဘောတူထားတဲ့ ပုံစံမှန်တွေကိုဖြည့်စွက်ပြီး ဆောလျင်စွာပြန်လည်ပေးပို့ဖို့ လိုအပ်ကြောင်းပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ ဒါ့အပြင်  နိုင်ငံသားပြုရေးကိစ္စ၊ National Verification Card (NVC) တွေ ထုတ်ပေးတဲ့ ကိစ္စ၊ နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ် နေထိုင်သူတွေပြဿနာ၊ အကြမ်းဖက်မှု အချိန်မရွေး ပြန်လည် ဖြစ်ပေါ်လာနိုင်ခြေရှိမှု၊ ပဋိပက္ခဖြစ်ပွားရတဲ့အကြောင်း ဇစ်မြစ်ကို ရှာဖွေဖြေရှင်းရန် လိုအပ်မှု၊ အမုန်းတရား ပြန့်ပွားစေတဲ့ ပြောကြားမှုတွေ ကာကွယ်တားဆီးဖို့နဲ့ ပညာရေးစတဲ့ ကိစ္စတွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေရော အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေပါပါဝင်ပြီး မြန်မာ အိမ်နီးချင်းနိုင်ငံတွေနဲ့  အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံက ကိုယ်စားလှယ်တွေပါ လိုက်ပါလာတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညနေပိုင်းက နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တပ်မတော် အကြီးအကဲတွေနဲ့လည်း သီးခြားတွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စဆွေးနွေးခဲ့ပါတယ်။ လုံခြုံရေး ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်တာ ဖြစ်ပြီး ဒီကနေ့ မေလ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာနေပါတယ်။ ဓာတ်ပုံ-MOFA
3 years Ago
Up