ကုလလေကြောင်

September 10, 2020

ယီမင်ကိုလာမည့် ကုလလေကြောင်းခရီးစဉ်များ ဟူသီသူပုန်များ ဆိုင်းငံ့

ယီမင်နိုင်ငံအတွင်းက ဟူသီအုပ်ချုပ်သူတွေဟာ မြို့တော်စာနာဆီကိုလာတဲ့ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လေကြောင်းခရီးစဉ်အားလုံးကို စက်တင်ဘာ ၉ ရက်ကစပြီး ဆိုင်းငံ့ လိုက်ပါတယ်။ ယီမင်နိုင်ငံအတွင်း ဟူသီတွေရဲ့ရန်ဘက် ဆော်ဒီဦးဆောင်တဲ့ညွန့်ပေါင်းတပ်က ပင်လယ်နီ ဆိပ်ကမ်းမြို့ ဟိုဒေးဒါက စီးပွားရေးဆိုင်ရာ သင်္ဘောတွေကို ပိတ်ဆို့လိုက်လို့ ခုလို လက်တုံ့ ပြန်လိုက်တာပါ။  အီရန်နဲ့မဟာမိတ် ဟူသီတွေဟာ ဆော်ဒီအာရေဗျနိုင်ငံက ကျောထောက် နောက်ခံပေးထား တဲ့ သမ္မတ အဘ်ဒယ်ရာဘူမန်ဆော်ဟာဒီ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချအပြီး မြို့တော် စာနာနဲ့ မြို့ အများစုကို ၂၀၁၄မှာ သိမ်းပိုက်ခဲ့ပါတယ်။  အဲဒီအချိန်ကစတဲ့ ယီမင်စစ်ပွဲဟာ အကြီးစား လူသားချင်းစာနာမှု အကြပ်အတည်းကို ရင်ဆိုင်ခဲ့ရတာပါ။  ဟိုဒေးဒါဆိပ်ကမ်းက သင်္ဘော ၂၁ စီးကို ဆော်ဒီမဟာမိတ်တပ်တွေ ပိတ်ဆို့ထားလို့ လောင်စာ တန်ချိန် ငါးသိန်းကျော် နိုင်ငံထဲကို မဝင်နိုင်တဲ့အတွက် လောင်စာ ပြတ်လပ်နေတယ်လို့ ဟူသီတွေက အပြစ်တင်ပါတယ်။  တကယ်လို့ လေဆိပ်မှာ ဝန်ဆောင်မှု ဆက်လိုချင်ရင် ကုလသမဂ္ဂဟာ လေဆိပ်ကို ဒီဇယ် လီတာ ၃ သောင်း၊ ဓာတ်ဆီလီတာ ၁ သောင်းခွဲနဲ့ တခြားပစ္စည်းတွေအတွက် လောင်စာရည် လီတာ ၃ ထောင် ပံ့ပိုးရမယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။  ကုလအရာရှိတွေကတော့ လေဆိပ်ဟာ တောင်းဆိုတဲ့လောင်စာရဲ့ တဝက်သာ လိုအပ် တယ်လို့ ယူဆထားတဲ့အကြောင်း ကုလသတင်းရင်းမြစ်က ပြောပါတယ်။  နောက်ထပ် မှတ်ချက်တွေအတွက် ဟူသီတွေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။ 
1 year Ago
Up