ကုလလူ့အခွင့်အရေးမဟာမင်းကြီး

May 26, 2022

ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် တရုတ်သမ္မတ ဆွေးနွေး

တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘာချေးလက်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မေ ၂၅ ရက်က ရုပ်သံကတဆင့် ဆွေးနွေးခဲ့ကြပါတယ်။

ဘာချေးလက်ရဲ့ ခရီးစဉ်ကို လူ့အခွင့်အရေး အုပ်စုတွေက ဝေဖန်နေကြပြီး အမေရိကန် အစိုးရကတော့ ဒီခရီးစဉ်က အမှားတရပ်ပဲလို့ ပြောပါတယ်။

ဘာချေးလက်ရဲ့ တရုတ်နိုင်ငံမှာ ၆ ရက်ကြာ ခရီးစဉ်ထဲ နိုင်ငံအနောက်စွန်းက ရှင်းကျန်းပြည်နယ် ခရီးစဉ်လည်း ပါပါတယ်။

အဲဒီပြည်နယ်ထဲမှာ မွတ်ဆလင် ဝီဂါတိုင်းရင်းသား အများစုဟာ ဥပဒေမဲ့ ထိန်းသိမ်းခံ၊ နှိပ်စက်ခံနေရပြီး အဓမ္မလုပ်အားပေး ခိုင်းစေခံနေရတယ်လို့ ယုံကြည်ကြောင်း ကုလ လူ့အခွင့်အရေးရုံးက မနှစ်က ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။

တရုတ်သမ္မတ ရှီကတော့ တရုတ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေဟာ ကိုယ့်ပြည်တွင်းရေး အခြေအနေအရ ကိုက်ညီတယ်လို့ ပြောပါတယ်။

လူ့အခွင့်အရေး အမျိုးအစား အမျိုးမျိုးထဲမှာ အသက်မွေးဝမ်းကျောင်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အရေးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အဓိကပဲလို့လည်း ရှီက ပြောကြောင်း တရုတ်အစိုးရမီဒီယာ ဆင်ဟွာသတင်းမှာ‌ ဖော်ပြပါတယ်။

ဘာချေးလက်ကတော့ ရှီနဲ့ တခြားအရာရှိတွေနဲ့ သူ့ကြား အစည်းအဝေးတွေဟာ လူ့အခွင့်အရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တိုက်ရိုက်ပြောဖို့ အဖိုးတန် အခွင့်အရေး ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဒေသတွင်းနဲ့ နယ်စပ်ဖြတ်ကျော် ရေရှည်တည်တံ့ခိုင်မြဲစေဖို့ ပြည်တွင်း၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ ကျမတို့ ဘယ်လိုပူးပေါင်း ဆောင်ရွက်နိုင်မလဲဆိုတာ ကြည့်ဖို့ပါပဲ။ လူ့အခွင့်အရေးကတော့ အဓိကပဲ” လို့ ဘာချေးလက်က ပြောပါတယ်။

အကဲခတ်တွေကတော့ ဘာချေးလက်ဟာ ရှင်းကျန်းပြည်နယ်ထဲက လူ့အခွင့်အရေး အခြေအနေတွေကို အပြည့်အဝ အကဲဖြတ်ဖို့ လိုအပ်တဲ့ ဝင်ရောက်ခွင့် ရမလားဆိုတာ သံသယရှိနေတယ်လို့ ပြောပါတယ်။

ဘာချေးလက်က ရှင်းကျန်းပြည်နယ်ထဲ အတားအဆီးမဲ့ ဝင်ရောက်ခွင့်ကို တောင်းဆိုထားပေမဲ့ သူ့ခရီးစဉ်ကြောင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ဟန့်တားဖို့ လူတွေကို အဖွဲ့လိုက် သီးခြားခွဲထုတ်တဲ့ နည်းလမ်းကို ရည်ညွှန်းပြီး ခရီးစဉ်ကို အများနဲ့မရောတဲ့ သီးခြားအစီအစဉ်နဲ့ ဆောင်ရွက်သွားမယ်လို့ တရုတ်က ပြောခဲ့ပါတယ်။

ရှင်းကျန်းပြည်နယ်ထဲက အလွဲသုံးစားလုပ်မှု အားလုံးကိုလည်း တရုတ်က ငြင်းဆိုခဲ့ပါတယ်။

8 months Ago

January 29, 2022

မြန်မာစစ်တပ်ကိုအရေးယူရန် အချိန်တန်ပြီဟု ကုလလူ့အခွင့်အရေးမဟာမင်းကြီးပြော

မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိဖို့နဲ့ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်တဲ့လူတွေကိုလည်း အရေးယူဖို့ အချိန်တန်နေပြီလို့  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး မစ်ချဲလ် ဘက်ချလက်က  ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့တို့က စစ်ခေါင်းဆောင်တွေကို နားချခဲ့တာလည်း ဒီလောက်နဲ့ လုံလောက်နေပြီလို့ မဟာမင်းကြီးက  ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အရပ်သား ပြည်သူလူထုကို အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး အရပ်သားအစိုးရ လက်ထဲကို အာဏာပြန်လည် ရောက်ရှိနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီးက တောင်းဆိုလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းတာ တနှစ်ပတ်လည် ရှိတော့မယ့် အချိန်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မင်းကြီးက အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတာကို တကမ္ဘာလုံးက ဝေဖန်အပြစ်တင်ရုံက လွဲလို့ ထိထိရောက်ရောက် မဆောင်ရွက်ခဲ့ဘူးလို့ ဆိုပါတယ်။

မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေ ကြီးမားလေးနက်ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းဟာ အရေးတကြီး ဆောင်ရွက်ရမယ့် ကိစ္စလိုမျိုး သဘောမထားခဲ့ဘူးလို့ ထောက်ပြပါတယ်။

1 year Ago
Up