ကုလထောက်ခံ

February 7, 2021

စစ်အာဏာရှင်လက်မှ လွတ်မြောက်ရေး မြန်မာနိုင်ငံသားများ၏ ကြိုးပမ်းမှု ကုလထောက်ခံ

အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့သည့်စစ်အာဏာရှင်ထံမှ လွတ်မြောက်ရန် မြန်မာ ပြည်သူပြည်သားတွေရဲ့ ဒီမိုကရေစီရရှိရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် ကြိုးစားအားထုတ်တာတွေကို ကုလသမဂ္ဂအနေနဲ့ အခိုင်အမာ အားပေး ထောက်ခံတယ်လို့ ကုလသမဂ္ဂမြန်မာရုံးက ထုတ်ပြန်ပါတယ်။

“နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ၂,၅၀၀ ကျော်သော တာဝန်သိ ကုလသမဂ္ဂဝန်ထမ်းများ နှင့်တကွ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေ စီရရှိရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးများအတွက် ကြိုးစားအား ထုတ်မှုများအား ကုလသမဂ္ဂ (@UN)အနေဖြင့် အခိုင်အမာ အားပေးထောက်ခံကြောင်း ​ထုတ်ဖော်ပြောကြားလိုက်သည်။”

မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လွတ်လပ်စွာ စုဝေးခွင့်ကို အပြည့်အဝလေးစားဖို့နဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်သူတွေကို တုံ့ပြန်အရေးယူတာတွေ မလုပ်ဖို့ အထူးအလေးအနက်ထား ဆောင်ရွက်ဖို့လည်း ကုလက တိုက်တွန်းထားပါတယ်။

ပြီးတော့ အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အလေးအနက်ထားတဲ့အနေနဲ့ မူလအတိုင်းအပြည့်အဝ ပြန်လည်ပတ်နိုင်အောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံတဝန်းမှာ လူပေါင်း သိန်းသောင်းချီ ဆန္ဒပြခဲ့ပါတယ်။ 

ဆန္ဒပြသူတွေက စစ်အာဏာရှင်စနစ်အလိုမရှိ၊ သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူတွေ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

10 months Ago
Up