ကုလတွင် ထရမ့်ပြောသည့်

September 21, 2017

ကုလတွင် ထရမ့်ပြောသည့် မိန့်ခွန်းကို ခွေးဟောင်နေသည့်အသံဟု မြောက်ကိုရီးယား ပြော

ကုလသမဂ္ဂမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောတာဟာ ခွေးဟောင်နေတဲ့အသံ ဖြစ်တယ်လို့ မြောက်ကိုရီးယား ထိပ်တန်းသံတမန်က ပြောလိုက်ပါတယ်။ စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ထရမ့်က အကယ်၍ မြောက်ကိုရီးယားက အမေရိကန်နိုင်ငံနဲ့ သူ့ရဲ့မဟာမိတ်တွေကို ခြိမ်းခြောက်မယ်ဆိုရင် သူက မြောက်ကိုရီးယားကို လုံးဝ ဖျက်ဆီးပစ်မယ်လို့ မိန့်ခွန်းထဲမှာ ပြောခဲ့အပြီးမှာ ခုလို တုံ့ပြန် လိုက်တာပါ။ ထရမ့်ရဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်းဟိုက "ခွေးဟောင်နေတာတောင် ချီတက်ပွဲကတော့ ဆက်ရှိနေမှာပဲဆိုတဲ့ စကားပုံရှိတယ်”လို့ သတင်းထောက်တွေကို နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်နားမှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ဖီဆန်ကာ မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားလက်နက် အစီအစဉ်တွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေတာပါ။ “အကယ်၍ ထရမ့်က ခွေးဟောင်သံနဲ့ ကျနော်တို့ကို အံ့သြအောင်လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒါက သူ စိတ်ကူးယဉ်နေတာပဲ” လို့ မစ္စတာရီက ဆက်ပြောပါတယ်။ မစ္စတာထရမ့်က “ဒုံးကျည်လူသားကတော့ သူ့ရဲ့အာဏာရှင်စနစ်နဲ့ သူ့ကိုယ်သူအတွက် သေကြောင်းကြံစည်မယ့် လုပ်ငန်းတာဝန်ကို လုပ်ဆောင်နေပါတယ်” လို့ မြောက်ကိုရီးယားခေါင်းဆောင်ကို ရည်ညွှန်းပြီး ပြောခဲ့တာပါ။ ထရမ့်ပ်က ကင်ဂျုံအန်းကို ဒုံးကျည်လူသားလို့ ခေါ်ဝေါ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ မစ္စတာရီက “စိတ်မကောင်းဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာရီ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားက သူ့ရဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ နျူကလီးယား အစီအစဉ်တွေကို အံ့သြလောက်အောင် အလျင်အမြန် တိုးတက်လုပ်ဆောင်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေ ပြောပါတယ်။ စက်တင်ဘာ ၃ ရက်နေ့ကလည်း မြောက်ကိုရီးယားဟာ သူ့ရဲ့ ၆ ကြိမ်မြောက်နဲ့ အကြီးမားဆုံး နျူကလီးယားစမ်းသပ်မှု ပြသခဲ့တယ်လို့ ကြေညာခဲ့ပြီး ရက်အနည်းငယ် အကြာမှာတော့ ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေအတွက် ဝင်ငွေရရှိမှုနဲ့ နိုင်ငံတွင်း ဆီပြတ်လတ်သွားအောင် ချည်ထည်ပို့ကုန်တွေ တားမြစ်လိုက်သလို ဆီ တင်သွင်းပို့ဆောင်မှုတွေကို ကန့်သတ်ကာ မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့မှုဥပဒေ ချမှတ်လိုက်တယ်လို့ ဘီဘီစီသတင်းမှာ စက်တင်ဘာ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up