ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုအတွက် သံသယရှိသူ ဖေလီစီယန် ကာဘူဂါက ကုလသမဂ္ဂ တရားရုံးအတွင်း ကနဦး ကြားနာချိန်မှာ အသံတိတ်နေခဲ့အပြီး နိုဝင်ဘာ ၁၁ ရက်မှာတော့ သူ့မှာ အပြစ်မရှိဘူးလို့ ထွက်ဆိုကြောင်း မှတ်တမ်းတင်ပေးဖို့ သူ့ရှေ့နေရဲ့ လျှောက်ထားချက်အရ တရားရုံးက မှတ်တမ်းတင်လိုက်ပါတယ်။
အသက် ၈၅ နှစ်အရွယ် ကာဘူဂါက တရားသူကြီးတွေဆီက မေးခွန်းတွေကို မတုံ့ပြန်ခဲ့ပါဘူး။
သူဟာ ဆယ်စုနှစ်ချီ ထွက်ပြေးတိမ်းရှောင်နေခဲ့အပြီး မေလမှာ ပြင်သစ်နိုင်ငံထဲမှာ အဖမ်းခံခဲ့ရတာပါ။
အဲဒီနောက် အောက်တိုဘာ ၂၆ ရက်မှာ သူ့ကို နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့က ကုလသမဂ္ဂ ထိန်းသိမ်းရေးစခန်းဆီ ပြောင်းရွှေ့ ခဲ့ပါတယ်။
သူ့ရဲ့ မတုံ့ပြန်မှုကို အပြစ်မရှိကြောင်း ထွက်ဆိုချက်အဖြစ် သတ်မှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ကာဘူဂါရဲ့ရှေ့နေက တရားရုံးကို ပြောပါတယ်။
ကာဘူဂါဟာ အပြစ်မရှိဘူးလို့ ထွက်ဆိုကြောင်း တရားသူကြီးက မှတ်တမ်းတင်အပြီး သူ့ ကျန်းမာရေးအတွက် ဆေးကုသခွင့်ရရေး အမိန့်ပေးခဲ့ပါတယ်။
၁၉၉၄ ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှုအတွင်း တွစ်စီလူမျိုးတွေကို တိုင်းရင်းသားရေးရာ အရ မုန်းတီးဖို့ မီးလောင်ရာ လေပင့်ခဲ့တဲ့ အမုန်းတရား ဖြန့်ဖြူးရာ ရေဒီယိုဌာနကို လုပ်ကိုင်မှု အတွက် ကာဘူဂါကို လူမျိုးတုံး သတ်ဖြတ်မှု ၅ မှုနဲ့ တရားလိုပြရှေ့နေတွေက တရားစွဲ ထားပါတယ်။
ကာဘူဂါဟာ ရက် ၁၀၀ လူသတ်ပွဲအတွင်း ထောင်သောင်းချီတဲ့ တွစ်ဆီလူမျိုးတွေနဲ့ အစွန်းမရောက်တဲ့ ဟူတူတိုင်းရင်းသားတွေကို သတ်ဖို့ ဟူတူပြည်သူ့စစ်တွေကို ရန်ပုံငွေ ထောက်ပံ့ခဲ့တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။
ကာဘူဂါကတော့ ပြင်သစ်ကြားနာပွဲအတွင်း သူ့အပေါ် စွဲချက်တွေဟာ အလိမ်အညာတွေလို့ တုံ့ပြန်ပယ်ချခဲ့ပါတယ်။
2 years Ago