ကုလဆုံးဖြတ်

June 3, 2017

မြောက်ကိုရီးယားက လုပ်ငန်းအချို့နှင့်လူအချို့ကို နာမည်ပျက် စာရင်းသွင်းရန် ကုလဆုံးဖြတ်

မြောက်ကိုရီးယားရဲ့ ထပ်ခါတလဲ ဒုံးကျည် ပစ်လွှတ်မှုကို တုန့်ပြန်တဲ့ အနေနဲ့ မြောက်ကိုရီးယားက လုပ်ငန်းတွေနဲ့ လူတယောက်ချင်းစီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဇွန် ၂ ရက်နေ့က သဘောတူလိုက်ပါတယ်။ မြောက်ကိုရီးယား ကုမ္ပဏီ ၂ ခု၊ ဘဏ်တခုနဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက် ဒုံးကျည်တပ်ခွဲ၊ လူ ၁၄ ယောက် တို့ကို ခရီးသွားလာခွင့်ပိတ်ပင်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့ နိုင်ငံ ၁၅ နိုင်ငံပါတဲ့ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည် တီထွင်သုတေသန ပြုမှုအတွက်လည်း ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ “ဒီလုပ်ရပ်တွေကို ချက်ချင်း စွန့်လွှတ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ ကိုရီးယားကျွန်းဆွယ်နဲ့ အာရှ အရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အရေးကြီးတယ်။ ဒီအရေးကို ငြိမ်းချမ်းတဲ့ သံတမန်ရေး နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကတိပြုတယ်” လို့ ကုလလုံခြုံရေး ကောင်စီက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို လိုက်နာကျင့်သုံးမှုဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းက မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို ဆန့်ကျင်ကြောင်းပြတဲ့ ညီညွတ်တဲ့ သတင်းစကားပဲလို့ ကုလသမဂ္ဂ ဆိုင်ရာ တရုတ်သံအမတ် လျိုကျယ်ယိက ပြောပါတယ်။ ကုလ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို ပိတ်ဆို့ဖို့ ၂၀၀၆ က စပြီး ဒဏ်ခတ်ခဲ့တာပါ။ အစီအစဉ်တွေထဲမှာ မြောက်ကိုရီးယား ပိုင်နက်ထဲက သံရိုင်းသံမဏိ ကျောက်မီးသွေးတွေကို လွှဲပြောင်း ရောင်းချတာကို တားမြစ်ပိတ်ပင်မှုလည်း ပါဝင်ပါတယ်။
4 years Ago
Up