ကုန်သွယ်ရေးသဘောတူညီချက်

November 9, 2022

ဗြိတိန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးနိုင်ရန် ထိုင်ဝမ်မျှော်လင့်

ထိုင်ဝမ်ဟာ ဗြိတိန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ မျှော်လင့်နေပြီး အသစ်ဖွဲ့စည်းထားတဲ့ အစိုးရနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က တိုင်ပေမြို့ကို ရောက်နေတဲ့ ဗြိတိန်ကုန်သွယ်ရေးဝန်ကြီး ဂရက် ဟန်းစ်ကို နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။

ဗြိတိန်ဝန်ကြီးဟာ သူ့ရဲ့ ဒီခရီးစဉ်ကို ရပ်တန့်လိုက်ဖို့ တရုတ်ရဲ့ တောင်းဆိုမှုတွေကို ဖီဆန်ပြီး တိုင်ပေကို လာရောက်ခဲ့တာပါ။

တိုင်ပေမြို့ရှိ သမ္မတရုံးခန်းမှာ ကုန်သွယ်ရေးဝန်ကြီး ဂရက် ဟန်းစ်နဲ့ တွေ့ဆုံရာမှာ သမ္မတ ဆိုင်က ထိုင်ဝမ်ရဲ့ နိုင်ငံတကာ ပူးပေါင်းပါဝင်နိုင်မှုနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဗြိတိန်ရဲ့ ရေရှည်ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ဗြိတိန်ကို အရေးကြီးတဲ့ ဒီမိုကရေစီမိတ်ဘက်အဖြစ် ရှုမြင်ထားတာပါ။

မကြာသေးခင်က  ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် ဗြိတိန်က စိုးရိမ်ပူပန်ပေးခဲ့တဲ့အပြင် တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် အများအားဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်ကနေ ဖယ်ထုတ်ခံထားရတဲ့ ထိုင်ဝမ်ကို ဗြိတိန်က အားပေးထောက်ခံခဲ့ပါတယ်။

ဗြိတိန်ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့ ၂ နိုင်ငံဟာ အနီးကပ် စီးပွားရေးနဲ့ အလွတ်သဘော ဆက်ဆံရေးတွေ ရှိထားပြီး ဗြိတိန်ဟာ တိုင်ပေမှာ သံရုံးအဖြစ် အတိအကျ ဆောင်ရွက်ပေးတဲ့ de facto သံရုံးကို ထိန်းသိမ်းထားရှိပါတယ်။

1 month Ago

September 8, 2022

အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးနိုင်မည်ဟု ယုံကြည်ကြောင်း ထိုင်ဝမ်သမ္မတပြော

ထိုင်ဝမ်ဟာ ဆွေးနွေးပွဲ မူဘောင်အသစ်အောက်မှာ အမေရိကန်နဲ့ ‘စံနှုန်းမြင့်’ ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတ ဆိုင်အင်းဝမ်က ထိုင်ဝမ်ကိုရောက်ရှိနေတဲ့ အမေရိကန် လွှတ်တော်အမတ်အဖွဲ့ကို စက်တင်ဘာ ၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ အမေရိကန်နဲ့ ပိုနီးကပ်တဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံမှုတွေကို ထူထောင်ဖို့ ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း သမ္မတ ဆိုင်က သမ္မတရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ အမေရိကန် ပါတီကြီး ၂ ခုက လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့မှ အောက်လွှတ်တော် လက်နက်ကိုင်ရေးရာကော်မတီက စတက်ဖနီ မာဖီကလည်း အခုအချိန်မှာ ကွန်ဂရက်လွှတ်တော်က လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံး အရာတွေထဲက တခုကတော့ ထိုင်ဝမ်နဲ့ စီးပွားရေးဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဖို့၊ အထူးသဖြင့် အမေရိကန်နဲ့ ထိုင်ဝမ်ကြား အရည်အသွေးမြင့် လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်ကို တွန်းအားပေးခြင်းဖြစ်ကြောင်းနဲ့ ပညာရေး၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ အစိုးရချင်း ယဉ်ကျေးမှုဖလှယ်မှုရဲ့ စွမ်းအားကိုလည်း လျှော့တွက်လို့ မရကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ထိုင်ဝမ်က ပိုပြီးပါဝင်လာနိုင်ဖို့ ကွန်ဂရက်က ထောက်ခံသင့်ကြောင်းလည်း သူကပြောပါတယ်။

ဘိုင်ဒင်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့အတွက် ရည်ရွယ်ထားတဲ့ အာရှအထူးပြု စီးပွားရေး အစီအစဉ်ကနေ တရုတ်က တောင်းဆိုထားတဲ့ ကျွန်းကို ဖယ်ထုတ်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ဝါရှင်တန်နဲ့ တိုင်ပေတို့ဟာ ဇွန်လတုန်းက ၂၁ ရာစု ကုန်သွယ်ရေးမှာ အမေရိကန်-တိုင်ပေ ကတိကဝတ်ကို ထုတ်ဖော်ဖွင့်ချခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်က ခြိမ်းခြောက်မှုတွေ၊ ခြောက်လုံးလှန့်လုံးတွေ ရင်ဆိုင်ရတဲ့အခါ ထိုင်ဝမ်က နောက်ပြန်ဆုတ်သွားမှာ မဟုတ်ဘဲ အဲဒီအစား ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ်နဲ့ လူနေမှုပုံစံကို ပိုပြီး ခိုင်ခိုင်မာမာ ခုခံကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။

ထိုင်ဝမ်ဟာ နောက်ဆုတ်သွားမှာ မဟုတ်ပေမဲ့လည်း ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးတွဲကာကွယ်ဖို့ ဒီမိုကရေစီမိတ်ဘက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း တက်ကြွနက်ရှိုင်းစွာ တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။

3 months Ago
More News
Up