ကုန်သွယ်ရေး

October 7, 2020

၂၀၂၁ တွင် ကုန်သွယ်ရေး ၇ ဒသမ ၂ ရာခိုင်နှုန်း ပြန်တက်နိုင်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ခန့်မှန်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) က ဒီနှစ်အတွက် ကုန်စည်ကုန်သွယ်ရေး ဟောကိန်းကို ပြန်လှန်သုံးသပ်ရာမှာ ကနဦး ခန့်မှန်းထားတာထက် ပိုအခြေအနေကောင်းတယ်လို့ အောက်တိုဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးဟာ ဒီနှစ်ထဲမှာ ၉ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး ၂၀၂၁ မှာတော့ ၇ ဒသမ ၂ ရာခိုင်နှုန်း ပြန်တက်လာမယ်လို့ WTO က အင်္ဂါနေ့မှာ ပြောပါတယ်။ ဧပြီလတုန်းကတော့ ကမ္ဘာ့ကုန်သွယ်ရေးဟာ ၁၃ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းထိ ကျဆင်းမယ်။ တကယ်လို့ နိုင်ငံတွေက အတူပူးပေါင်းဆောင်ရွက်ရင် ၂၀၂၁ မှာ ၂၁ ရာခိုင်နှုန်းကနေ ၂၄ ရာခိုင်နှုန်းကြားထိ ကမ္ဘာ့ကုန်သွယ်ရေး ပြန်ခုန်တက်လာနိုင်တယ်လို့ WTO က ပြောခဲ့ဖူးတာပါ။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် WTO ဟာ ကပ်ဘေးဆင့်ကဲ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မသေချာမှု ဒီဂရီအမြင့်နဲ့ အစိုးရတွေရဲ့ တုံ့ပြန်မှုတို့ကို အခြေခံပြီး ခန့်မှန်းခဲ့တာလို့လည်း ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။
8 months Ago

September 15, 2020

ကုန်သွယ်ရေးတွင် တရုတ်၏ အသာစီးယူမှု အီးယူ လက်မခံ 

အီးယူ ဥရောပသမဂ္ဂခေါင်းဆောင်တွေက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဈေးကွက်တွေ ဖွင့်ဖို့၊ လူနည်းစုတွေကို လေးစားဖို့နဲ့ ဟောင်ကောင်က ဖြိုခွင်းမှုတွေကို ရုပ်သိမ်းဖို့  စက်တင်ဘာ ၁၄ ရက်က တိုက်တွန်း ပြောပါတယ်။  ဒါ့အပြင် ကုန်သွယ်ရေးမှာ တရုတ်ရဲ့ အသာစီးယူတာတွေကို အီးယူက လက်ခံတော့မှာ မဟုတ်ဘူးလို့ လည်း ပြောပါတယ်။  တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အငြင်းပွားမှုမှာ အီးယူဟာ ဘက်မလိုက်ကြောင်းကို ပြသတဲ့အနေနဲ့ ဂျာမန်အဓိပတိကလည်း တရုတ်အစိုးရအပေါ် ပြင်းပြင်းထန်ထန် ပြောဆိုလိုက်ပါတယ်။ အီးယူ အလှည့်ကျဥက္ကဋ္ဌ ဂျာမန်အဓိပတိ မာကယ်က တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အပြန်အလှန်မျှတတဲ့ ယှဉ်ပြိုင်မှုအပေါ် အခြေခံရမယ်လို့ ပြောပါတယ်။ တရုတ်အစိုးရနဲ့ အီးယူ လက်ရှိ ဆွေးနွေးနေတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် တိုးတက်မှု ရှိအောင် အီးယူက တရုတ်နိုင်ငံကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ မာကယ်က ထပ်လောင်း ပြောဆိုပါတယ်။  တရုတ်သမ္မတ ရှီနဲ့ ဗွီဒီယိုကွန်ဖရင့် လုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ဥရောပကောင်စီ ဥက္ကဋ္ဌ  ချားလ်စ်မစ်ရှယ်က  အီးယူဟာ ကစားကွင်း မဟုတ်ဘဲ ကစားသမားဖြစ်ဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အီးယူဟာ တရုတ်ရဲ့ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်ဖက်ကုန်သွယ်မှုဟာ တစ်နေ့ကို ယူရိုငွေ ၁ ဘီလီယံကျော်  ရှိပါတယ်။  အီးယူ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်း ဈေးကွက်အဖို့ တရုတ်ဟာ အမေရိကန် ပြီးရင် ဒုတိယမြောက်နိုင်ငံ ဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
9 months Ago
More News
Up