ကုန်တင်ယာဉ်မောင်းများ

October 2, 2020

နေပြည်တော်အဝင်အထွက် ကုန်တင်ယာဉ်မောင်းများကို ကိုဗစ်-၁၉ ရှိ မရှိ အမြန်စစ်ဆေးနေ

အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ  နေပြည်တော်အဝင်အထွက် ကုန်တင်ကား မောင်း သမားတွေ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ  Test Kits တွေနဲ့  အမြန်စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်းထောက်ခံချက်လက်မှတ်မပါတဲ့ ကုန်တင်ကားတွေ အနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။ စက်တင်ဘာ ၁ ရက် ညပိုင်းထဲက နေပြည်တော် ကောင်စီတာဝန်ရှိသူတွေက နေပြည်တော် အဝင်တွေကို ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ကုန်ကားသမားတွေကို Test Kits တွေနဲ့ အမြန်စစ်ဆေးပေးဖို့ စီစဉ်နေတယ်လို့ ဒက္ခိဏသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကင်းရှင်းကြောင်းထောက်ခံချက်မပါတဲ့ ကုန်ကားတွေကတော့ နေပြည်တော် ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ကုန်ကားအစီးရေ ရာနဲ့ချီပြီး နေပြည်တော်အဝင် ရေနီမြို့မှာ ပိတ်မိနေခဲ့တာပါ။ ကုန်ကားသမားတွေကတော့ ဒီကြေညာချက်ကို ကြိုတင်မသိရှိခဲ့ရဘူးလို့ ကုန်တင်ယာဉ်မောင်း ကိုဘိုဘိုဦးက ပြောပါတယ်။ ကပ်ရောဂါဘေးကာလမှာ အခုလို ကုန်ကားတွေအမြောက်အများ မြို့ထဲမှာ ရပ်နေတဲ့ အတွက် စိုးရိမ်တဲ့အကြောင်း  ရေနီမြို့ခံတစ်ဦးဖြစ်တဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမြင့်ဦး ပြောပါတယ်။ နေပြည်တော် အဝင် ရေနီဂိတ်မှာ ပိတ်မိနေတဲ့ ကုန်ကားတွေကို Test Kits နဲ့ စစ်ဆေးဖို့ပြုလုပ်နေရာမှာ လက်ရှိမှာတော့ ကားအစီးရေ ၈၃ စီးခန့်၊ လူ ၁၆၀ ကျော် လောက်ကို စစ်ဆေးဖို့ ရှိနေတာပါ။ ဒီကုန်ကားသမားတွေကို နေပြည်တော် တပ်ကုန်းရှိ ညောင်လွတ် ကျန်းမာရေးဌာနမှာ  စစ်ဆေးမှာဖြစ်ပြီး နေပြည်တော်ဒေသခံဖြစ်ပါက ကျပ်ငွေ ၃၀၀၀၀နဲ့ နေပြည်တော် ပြင်ပက ဖြစ်ပါက ကျပ်ငွေ ၅၀၀၀၀ ကျခံရမှာဖြစ်ပါတယ်။  အခုလို ကုန်တင်ကားတွေကို စစ်ဆေးတာဟာ နေပြည်တော်ဒေသတစ်ခုတည်း မဟုတ်ဘဲ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်
1 year Ago

August 26, 2020

ရေနံချောင်းတွင် ရခိုင်ပြည်နယ်မှပြန်လာသည့် ကုန်တင်ယာဉ်မောင်းများကို Quarantine ထားရှိ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းကို ရခိုင်ပြည်နယ်က ပြန်ဝင်လာတဲ့ ယာဉ်မောင်းတွေကို ရေနံချောင်းတက္ကသိုလ် Facility Quarantine စခန်းမှာ ၇ ရက် Quarantine ဝင်ရောက်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးချက် Negative အဖြေထွက်မှသာ ရပ်ရွာအတွင်း နေထိုင်ခွင့် ပြုမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ "တိုင်းကလည်း ညွှန်ကြားထားပါတယ်။ ရခိုင်က ပြန်လာတဲ့ သူတွေကို သေချာ စစ်ဆေး ဆောင်ရွက်ပါ။ ဒါပေမဲ့ ကားတွေကို ဆေးဖြန်းတာတို့ ဒီက Facility Quarantine ထားတာတို့ ကတော့ ကျနော်တို့ မြို့နယ် ကိုးဗစ် ၁၉ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီက ရခိုင်ဖြစ်ပြီ ဆိုတာနဲ့ ကိုယ့်မြို့နယ်ကိုလည်း ကာကွယ်ထားမှဖြစ်မယ် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စီစဉ်ထား လိုက်တာ" လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူတွေကို Home Quarantine ၇ ရက် နေထိုင်ဖို့ ညွှန်ကြားထားပေမဲ့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီနဲ့ အဖွဲ့စုံတို့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ရပ်ကွက်၊ ကျေးရွာတွေအတွင်း ဝင်ရောက်မခံဘဲ ရေနံချောင်းတက္ကသိုလ် Facility Quarantine စခန်းမှာ သီးခြားအ‌ဆောင်နဲ့ ထားလိုက်တာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ ရက်က ကုန်တင်ယာဉ်တစ်စီးနဲ့ ၂၄ ရက်နေ့က ကုန်တင်ယာဉ် သုံးစီး၊ စုစုပေါင်း ယာဉ်လေးစီးကို ရေနံချောင်း၊ မကွေးကားလမ်း မြို့အဝင် ဖန်းခါးစမ်းသစ်တောစခန်း နေရာမှာ သွား စောင့်စစ်ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက် ၉ ဦးကို Quarantine စခန်းကို ပို့ဆောင်ထားပါတယ်။ ဩဂုတ် ၂၅ ရက်မှာ swab ယူပြီး ပေးပို့စစ်ဆေးသွားမှာ ဖြစ်သလို ရခိုင်ပြည်နယ်က လာတဲ့ယာဉ်တွေကို မြို့အတွင်း ဝင်ခွင့်ပေးမပေးဘဲထားရှိပါတယ်။ ယာဉ်နဲ့ ကုန်စည်ပစ္စည်းတွေကိုလည်း  ဆေးဖြန်းပြီးမှသာ ယာဉ်မောင်းတွေ ပြောင်းလဲ မောင်းနှင်မှုနဲ့ မြို့တွင်း ကုန်ချကာ လိုရာခရီးကို ဆက်လက်ထွက်ခွင့် ပြုမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - မိတ်ဆွေကောင်း လူမှုကူညီရေးအသင်း
1 year Ago
Up