ကုန်တင်ယာဉ်

October 31, 2020

တရုတ်ကို ကုန်ပို့သည့် ကုန်တင်ယာဉ်မောင်းနှင့်နောက်လိုက်များ ဆန္ဒမဲပေးရန် အခက်အခဲရှိ

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ မူဝါဒအရ မိမိမဲပေးမယ့် နေရာဒေသမှာ အနည်းဆုံး ရက်ပေါင်း ၉၀ နေထိုင်သူတွေမှသာ မဲပေးလို့ရတာကြောင့် မူဆယ် ၁၀၅ မိုင်ကနေ ကျင်ဆန်းကျော့နဲ့ မန့်ဝိန်းဂိတ်တွေကနေ တရုတ်နိုင်ငံကို ကုန်တင်ပို့ဖို့ စောင့်နေတဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်အချို့ အခက်အခဲ ရှိနေပါတယ်။  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲ ပေးချင်ပေမဲ့ ကုန်ပို့ပြီး နေရပ်ပြန်ရင် အချိန်မမီနိုင်တော့တာကြောင့် မဲပေးဖို့ အဆင်မပြေနိုင်တော့ဘူးလို့ တရုတ်နိုင်ငံဘက်ကို ပစ္စည်းတင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ တောင်သာမြို့နယ် ဆမီးခံက ယာဉ်မောင်း ကိုဂျင်ဘိုက DVB ကို ပြောပါတယ်။  ပထမဆုံး မဲ​ပေးရမယ့်သူဖြစ်​လို့ မဲအရမ်း​ပေးချင်​ပေမယ့် ဂျူတီရပြီး ကားစ တန်းခါစမို့ ဘယ်လိုမှ ​ရွေး​ကောက်ပွဲမမီနိုင်ပဲ ၅ နှစ်မှတကြိမ် အခွင့်အ​ရေးရတာကို လက်လွှတ် ဆုံးရှုံးရ​တော့မယ်လို့ ယာဥ်​​နောက်လိုက်ဖြစ်သူ ​မောင်​မောင်က DVB ကို​ပြောပါတယ်။ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ရဲ့ မူဝါဒအရ မိမိမဲ​ပေးမည့် ​နေရာ​ဒေသမှာ အနည်းဆုံး ရက်​ပေါင်း ၉၀ နေထိုင်သူမှသာ မဲ​​ပေးလို့ရတာ​ဖြစ်ပြီး ကားတန်းရတာက အကြာဆုံး ၁ လ ​ကျော်​လောက်သာ ရှိ​နေတဲ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ မူဆယ်ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ အတွင်း​ရေးမှူး ဦး​အောင်​ကျော်စိုးက DVB ကို ​ပြောပါတယ်။ တန်းစီစောင့်ဆိုင်းနေတဲ့ ကားမားတွေထဲမှာ တရုတ်ဘက်ကို ကုန်စည်တင်ပို့ပြီး နေရပ်ပြန်တဲ့အခါ အချိန်မီတဲ့အတွက် မဲပေးနိုင်တဲ့သူတွေလည်း ရှိပါတယ်။  ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်အထိ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားသမားတွေကတော့ မဲပေးနိုင်မှာ မဟုတ်ပါဘူး။  တရုတ်နိုင်ငံဘက်က ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံကို ကုန်တင်ပို့တဲ့ကားတွေကို ယာဉ်မောင်းအစားထိုး မောင်းနှင်တဲ့စနစ် ပြောင်းလဲ သတ်မှတ်ထားတာကြောင့် ၁ ရက်ကို ပျှမ်းမျှ အစီးရေ ၅၀ ဝန်းကျင်သာ ကုန်စည်တင်ပို့နိုင်ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံဘက်မှာ ကားတွေက အချိန်ပေးပြီး တန်းစီစောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။  
8 months Ago

September 17, 2020

ရွှေကူမြို့၌ မန္တလေးဘက်မှ ဝင်လာသည့် ကုန်တင်ယာဉ်များကို တင်းကြပ်စွာ စစ်ဆေးနေ

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်ပြီး မန္တလေးဘက်ကနေ ဝင်လာတဲ့ ကုန်ကားတွေကို တင်းကြပ်စွာ စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  မန္တလေးဘက်ကလာတဲ့ ကုန်ကားတွေရဲ့ ဖြတ်သန်းခွင့်ကို အရင်ကည ၁၂ နာရီမှ မနက် ၄ နာရီ အထိပိတ်ထားရာကနေ စက်တင်ဘာလ ၁၇ ရက်ကစပြီးည ၁၀ နာရီမှ မနက် ၆ နာရီအထိ တိုးမြှင့်ပိတ်ပင်လိုက်တာလို့ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရွှေကူမြို့မရဲစခန်းက ရဲတပ်ကြပ် အောင်သူရမိုးက ပြောပါတယ်။  အခုလို ဖြတ်သန်းခွင့်ကို အချိန်တိုးပြီး ကန့်သတ်လိုက်တဲ့အပေါ် ကုန်ကားမောင်းသူတွေ အနေနဲ့လည်း ထိရောက်တဲ့ ကာကွယ်မှု လုပ်ဆောင်တာဖြစ်လို့  အထွေအထူး ပြောစရာမရှိဘူးလို့ မန္တလေး-ရွှေကူ-ဗန်းမော် ကုန်တင်ယာဉ်မောင်းသူ တစ်ဦးက ပြောပါတယ်။ အဲဒီ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး မန္တလေးဘက်ကနေ ကချင်ပြည်နယ်ထဲကို နေ့စဉ် ကုန်ကားအစီရေ ၁၅၀ နီးပါး ဝင်ရောက်နေတယ်လို့ သိရပါတယ်။  သတင်း - ကျော်ဇေယျ (CJ)
9 months Ago

တာချီလိတ်- မယ်ဆိုင်နယ်စပ်တွင် ကုန်တင်ယာဉ် ၆ စီးသာ အပြန်အလှန် ဝင်ခွင့်ပြုမည်

တာချီလိတ်-မယ်ဆိုင်နယ်စပ်က ထိုင်း-မြန်မာကုန်သွယ်ရေးမှာ နှစ်နိုင်ငံအကြား ကုန်တင်ယာဉ် ၆ စီးသာ အပြန်အလှန် ဝင်ထွက်သွားလာခွင့်ပြုတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု အရေအတွက်များပြားလာတာကြောင့် စက်တင်ဘာလ ၁၅ ရက်က စတင်ပြီး မြန်မာကုန်တင်ယာဉ်တွေကို ထိုင်းနိုင်ငံဘက်က ကန့်သတ်မှုတွေ ပြုလုပ်လာတာပါ။ ဒီလို ကန့်သတ်မူတွေကြောင့် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ရာကနေ အခုလို သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ချင်းလိုင်းခရိုင်ကနေ ကုန်တင်ယာဉ်မောင်းတွေကို စိစစ်နိုင်ဖို့အတွက် ယာဉ်မောင်းတွေကို ဝင်ခွင့်ကတ်တွေ ထုတ်ပေးထားပြီး  ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို ချိုးဖောက်ရင်လည်း ထိရောက်စွာအရေးယူမယ်လို့ ကြေညာထားပါတယ်။ ဒီအကျိုးဆက်ကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာလာနိုင်ပြီး ကုန်စည်တွေအဝင် နည်းလာနိုင်မယ်လို့ ကုန်သည်စက်မှု့အသင်းချုပ်က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃,၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦးနဲ့ ထိုင်းနိုင်ငံမှာတော့ အတည်ပြုလူနာ ၃၄၉၀ ဦးနဲ့ သေဆုံးသူ ၅၈ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - စိုးချစ်ချစ်ပိုင်
9 months Ago
More News
Up