ကုန်တင်ကား

May 21, 2020

ကျောက်တံခါးမြို့နယ်၌ ဆီဘောက်ဆာကားနှင့် ကုန်တင်ကားတိုက်မိ၊ လူ ၁ ဦး  မီးလောင်သေဆုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့(တောကျွဲအင်း)မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၃/၂ အနီးမှာ မေ ၂၁ ရက် မနက် ၂ နာရီလောက်က ဆီဘောက်ဆာကားနဲ့  ၁၈ ဘီးကား တစ်စီးတို့ တိုက်မိခဲ့တာကြောင့် ယာဉ်မောင်းတစ်ဦး မီးလောင် သေဆုံးသွားတယ်လို့ အောင်မြင်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။ "နောက်ကနေ တိုက်တာ၊ ကျော်တက်တဲ့အချိန်မှာ နောက်ကနေ ဝင်တိုက်မိတာ။ တိုက်တဲ့ကားက မီးလောင်ပြီး သေတာပါ”လို့ အောင်မြင်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းအတိုင်း ရန်ကုန်မှ တောင်ငူဘက်သို့ ဦးဇော်မျိုးထက် (၃၅ နှစ်)မောင်းနင်လာတဲ့ ဆီဘောက်ဆာက ရှေ့က မောင်းနှင်နေတဲ့ ၁၈ ဘီးယာဉ်ကို နောက်ကနေ ဝင်တိုက်မိရာက မီးလောင်သွားခဲ့တာပါ။ ၁၈ ဘီးကား ယာဉ်မောင်းနဲ့ နောက်လိုက်တို့က ခုန်ချထွက်ပြေးလွတ်မြောက်သွားပေမဲ့  နောက်က တိုက်မိတဲ့ကားရဲ့ ဒရိုင်ဘာ ဇော်မျိုးထက်ဟာ မီးလောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇော်မျိုးထက်ကို အောင်မြင်ရဲတပ်ဖွဲ့စခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့  အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
12 months Ago

April 27, 2020

ကုန်တင်ကားအလုံပိတ်ပြီး လိုက်ပါလာသူ ၇၀ ကျော်ကို ညောင်တုန်းမြို့စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

ဧရာဝတီတိုင်းအတွင်း ရန်ကုန်ဘက်က ပုသိမ်ဘက်လာတဲ့ယာဉ်တွေ အစစ်ဆေးခံရတဲ့ ဂိတ်မှာ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ကုန်တင်ကားနောက်ပိုင်း အလုံပိတ်ပြီး လိုက်ပါလာတဲ့ လူ ၇၀ ကျော်ကို စစ်ဆေးရေးဂိတ်ကတာဝန်ရှိသူတွေက ဖမ်းမိခဲ့တာလို့ သိရပါတယ်။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်အကိုင်ရှားပါးလို့ ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်က ယာဉ်လိုင်းတွေ မရှိတော့လို့ ကုန်တင်ယာဉ် ၂ စီးကိုငှားပြီး ဧရာဝတီတိုင်းကို ပြန်လာစဉ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးဘေးက မဲဇလီစစ်ဆေးရေးဂိတ်(ညောင်တုန်း)မှာ ဖမ်းမိခဲ့တာလို့ မြို့နယ် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ "အားလုံးက ကျိုက်မရော မြို့နယ်ကပြန်လာတာပါ၊ ထောက်ခံစာတွေလည်းပါ ပါတယ်၊ ကားထဲမှာ ခုလို့ စုပြုံလိုက်လာတာမျိုးတော့ မဖြစ်သင့်ပါဘူး၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ညွှန်ကြားထားတာတွေရှိပါတယ်။ ခုတော့ သက်ဆိုင်ရာမြို့နယ်တွေကို ၅ ဦးစီးခွဲပြီး ခေါ်လာဖို့ ပြောထားပါတယ်" လို့ ညောင်တုန်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောပါတယ်။ မဲဇလီဂိတ်မှာ ဖမ်းမိခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား ၇၀ ကျော်မှာ အများစုက အသက် ၃၀ ဝန်းကျင် ရှိ အမျိုးသား အမျိုးသမီးတွေဖြစ်ပြီး နို့စိုကလေးအရွယ်တွေလည်းပါဝင်ပါတယ်။ စစ်ဆေး ရေးဂိတ်က ကုန်ကား မိုကာအလုံအုပ်ထားတာကို မသင်္ကာလို့ စစ်ဆေးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး အားလုံးကတော့ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ပြီး အလုပ်ပြီးလို့ ပြန်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ "ကျိုက်မရောဘက်မှာ အုတ်ဖုတ်တာသွားလုပ်ရတာပါ၊ အလုပ်ပြီးလို့ ပြန်ဖို့လုပ်တော့ ရောဂါ တွေဖြစ်လို့ ယာဉ်လိုင်းတွေမရှိတော့ဘူး၊ ထောက်ခံစာတွေတော့ပါတယ်၊ အဲ့တော့ အားလုံးစုပြီး ကုန်ကားကို ငှားပြီးလိုက်လာတာပါ" လို့ ကျောင်းကုန်းမြို့နယ်က ရွှေ့ပြောင်းအလုပ်သမား တဦးကပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရက ဧပြီ ဒုတိယပတ်က ခရီးသွားယာဉ်လိုင်းတွေ ပြေးဆွဲတာကို ဧပြီလကုန်ပိုင်းအထိ ပိတ်ထားဖို့နဲ့ ယခင် အိမ်စီးကားငယ်များနဲ့ ခရီးသွားလာမှုကို ၇ ဦး အထိ ခွင့်ပြုထားရာက ၅ ဦးအထိသာ ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။ ဧရာဝတီတိုင်းကို ပြန်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေကို ကား ၂ စီးနဲ့ လူအများကြီးတင်ဆောင် မောင်းနှင်လာတဲ့ ကုန်ကားမောင်သူတွေကို အရေးယူဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေမေးမြန်းချိန်မှာ သက်ဆိုင်ရာဌာနဆိုင်ရာတွေဖြစ်တဲ့ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေက တိုင်းကညွှန်ကြားထားတာမရှိလို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ပြန်လည်ပြောဆိုတယ်လို့ အဆိုပါစစ်ဆေးဂိတ် ပူးပေါင်း အဖွဲ့ဝင်တွေထံက သိရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအများစုက ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေဖြစ်တဲ့ ပန်းတနော်၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တွေကဖြစ်သလို အခြားမြို့နယ်တွေကလည်း ပါဝင်လာတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေချိတ်ဆက်ပြီး မြို့နယ်တွေမှာရှိတဲ့ Community Based Facility Quarantine တွေမှာ စောင့်ကြည့်တာတွေပြုလုပ် သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
More News
Up