ကုန်ကြမ်းပြတ်

March 29, 2020

ဆေးပစ္စည်းများ ဝယ်လိုအားမြင့်တက်လာ၍ ကုန်ကြမ်းပြတ်လပ်နိုင်ဟု မလေးရှားကုမ္ပဏီပြော

အမေရိကန်နဲ့ ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်လိုအားတွေ မြင့်လာတာမို့ ကုန်ကြမ်းပြတ်လပ်လာနိုင်တယ်လို့ ကမ္ဘာ့အကြီးဆုံး လက်အိတ်ထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ မလေးရှားရဲ့ Top Glove Corporation က မတ် ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။  ကုမ္မဏီဟာ ဝယ်လိုအားမြင့်တက်မှုကို လိုက်မီနိုင်ဖို့အတွက် သင်္ဘောတင်ပို့မှုအကြိမ် အရေ အတွက်ကို တိုးမြှင့်နေတယ်လို့ အမှုဆောင်ဥက္ကဋ လင်မ်ဝီချိုင်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာမှာသုံးနေတဲ့ ဆေးဘက်ဆိုင်ရာနဲ့ အခြားလက်အိတ်တွေရဲ့ ဈေးကွက်ဝေစုပမာဏ ၅ ပုံတပုံကို ထုတ်ပေးနေတဲ့ Top Glove ကုမ္ပဏီဟာ လက်ရှိမှာ တရက်ကို ရာဘာလက်အိတ်ပေါင်း သန်း ၂၀၀ ထုတ်လုပ်နိုင်ပါတယ်။  လင်မ်ဝီချိုင်က အခုအခါမှာ ဗိုင်းရပ်စ်ပြန့်ပွားမှု နိုင်ငံတိုင်းနီးပါးဖြစ်နေတာမို့ ယခင်က တလကွန်တိန်နာဆယ်လုံး မှာယူတဲ့ နိုင်ငံအဖွဲ့အစည်းတွေဟာ အခု နှစ်ဆတိုးမှာယူနေတယ်လို့ ရှင်းပြပါတယ်။  သူတို့ကုမ္ပဏီဟာ ထုတ်လုပ်မှု တိုးဖို့ပြင်ဆင်ထားပေမဲ့ ၂၀ ရာခိုင်နှုန်းသာ ကုန်ထုတ်လုပ်မှုတိုးနိုင်ချိန်မှာ လိုအပ်ချက်က ပိုများနေတာမို့ ကြား ထဲမှာ ကုန်ပစ္စည်းပြတ်လပ်မှု ၅၀ ကနေ ၈၀ ရာခိုင်နှုန်းထိ ရှိနေဦးမယ်လို့လည်း လင်မ်ဝီချိုင်က ပြောပါတယ်။  မလေးရှားဟာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်နိုင်ရေးအတွက် လာမယ့် ဧပြီ ၁၄ ရက်နေ့အထိ နိုင်ငံကို အသွားအလာ တားမြစ်ပိတ်ဆို့မှု lockdown လုပ်ထားတယ်လို့ သိရပါတယ်။
1 year Ago

February 29, 2020

ကုန်ကြမ်းပြတ်တောက်မှုကြောင့် ဟွာမှုန်အထည်ချုပ်စက်ရုံ ရက်အကန့်အသတ်မရှိ ရပ်နား

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က ဟွာမှုန်အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကုန်ကြမ်းပစ္စည်းတွေ ပြတ်တောက်နေလို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က စက်ရုံကို ရက်အကန့်အသတ်မရှိ ရပ်နားခဲ့ရတယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ "စက်ရုံရက်အကန့် အသတ်မရှိ ပိတ်လိုက်ရတာ ဟုတ်ပါတယ်၊ ခုလည်း စာရင်းဇယားတွေ လုပ်နေရတော့ ကျန်တဲ့အသေးစိတ်ကို ပြောလို့ မရသေးပါဘူး" လို့ ဟွာမှုန်အထည်ချုပ် စက်ရုံမန်နေဂျာက ပြောပါတယ်။ စက်ရုံရက်အကန့်အသတ်မရှိ ပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ လုပ်ခလစာ၊ ကြိုတင်အကြောင်းကြား တလစာ (Notioce ကြေး)၊ နှစ်အလိုက် အလုပ်    ရပ်စဲနစ်နာကြေး နဲ့ အချိုးကျ လုပ်သက်ခွင့်ကြေးများကို တစ်ခါတည်း ပေးသွားမယ်လို့ စက်ရုံကထုတ်ပြန် ထားပါတယ်။ စက်ရုံရပ်နားမယ်ဆိုတာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ကြိုတင်ညှိနှိုင်းခဲ့တာလည်း မရှိဘူး ကြေညာတဲ့ အချိန်မှာလည်း ကြိုတင်ညှိနှိုင်းတာမရှိလို့ (Notioce ကြေး) တလစာပေးမယ်လို့ ပြောတာမျိုးတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ "အများစုကတော့ မိသားစုစားဝတ်နေရေးတွေ အခက်အခဲဖြစ်လာမှာပေါ့။ကြေညာတာ ဆုံးတဲ့အချိန်မှာ တချို့အလုပ်သမားတွေက ငိုကြတာပေါ့။ ဒီအနားက ဒေသခံတွေအားလုံးက ဒီစက်ရုံလေးကို မှီခိုပြီးတော့ အလုပ်လုပ်နေကျရတာ၊ ခုဒီလိုဖြစ်တော့ အားလုံးက အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်လာတယ်" လို့ စက်ရုံအလုပ်သမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့ မစုပုံချစ်က ဒီဗွီဘီကိုပြောပါတယ်။ စက်ရုံ ယာယီရပ်နားကြောင်းကြေညာချိန် ၂၉ ရက်နေ့မှာ အလုပ်လုံးဝလာမဆင်းဖို့၊ လစာ လာထုတ်တဲ့အချိန်မှာ စက်ရုံကပေးအပ်ထားတဲ့ ယူနီဖောင်းနဲ့ ဝန်ထမ်းကတ်တွေကို တခါတည်း ပြန်လည်အပ်နှံဖို့ ကြေညာခဲ့တဲ့အတွက် စက်ရုံအလုပ်သမား ၁၀၀၀ ကျော်က အလုပ်ပြန်လည်မရ ရှိတော့မှာကို စိုးရိမ်နေကြပါတယ်။ ယာယီရပ်နားခဲ့တဲ့ ကန်ကြီးထောင့်မြို့နယ်က ဟွာမှုန်အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ၂၀၁၄ ခုနှစ်စတင်ဖွင့်လှစ်ခဲ့တဲ့ စက်ရုံလည်းဖြစ်ပါတယ်။ ကန်ကြီးထောင့် ဟွာမှုန်အထည်ချုပ်စက်ရုံမှာ ဒီဇင်ဘာ ၉ ရက်နေ့က စတင်ကာ အလုပ် သမားတွေက သပိတ်မှောက်ခဲ့ပြီး သပိတ်မှောက်တဲ့ ရက်ပေါင်း ၃၆ ရက်ပြည့်မြောက်တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အလုပ်ရှင်အလုပ်သမား နှစ်ဦးနှစ်ဘက် ပြေလည်မှုရရှိခဲ့ပြီး လုပ်ငန်း ပြန်လည်စတင်လုပ်တာ ၄၆ ရက်သာ ရှိသေးတဲ့ စက်ရုံလည်းဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up