ကုန်ကားထဲ

November 3, 2019

ကုန်ကားထဲသေဆုံးနေသူများ ဗီယက်နမ်နိုင်ငံသားများဟု ဗြိတိန်အတည်ပြု

ဗြိတိန်နိုင်ငံ အက်ဆက်ခ်စ် လော်ရီကုန်ကားနောက်တွဲ ကုန်သေတ္တာထဲမှာ သေဆုံးနေတဲ့ လူ ၃၉ ယောက်စလုံးဟာ ဗီယက်နမ် နိုင်ငံသားတွေလို့ ဗြိတိန်အာဏာပိုင်တွေက အတည်ပြုအပြီးမှာ ဗီယက်နမ်အစိုးရဟာ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းရတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက နိုဝင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။ ဒါဟာ ဆိုးရွားလွန်းတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုးပဲလို့ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ လဲ့သိသူဟွမ်က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။ “သေဆုံးသူတွေရဲ့ မိသားစုတွေ ကြီးမားတဲ့ နာကျင်ဆုံးရှုံးမှုကနေ အမြန်နာလန်ထူနိုင်စေဖို့ ဆန္ဒပြုတယ်၊ မိသားစုတွေကို အနက်ရှိုင်းဆုံး စာနာတယ်၊ ဗီယက်နမ်ဟာ လူကုန်ကူးမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချတယ်၊ ဒီလုပ်ရပ်ကို တကယ့်ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး သင့်တော်အောင် အပြစ်ပေးရမယ်။”  အလားတူ ကပ်ဆိုးတွေ ထပ်မဖြစ်ရအောင် လူကုန်ကူးရာဇဝတ်မှုကို ဟန့်တားနှိမ်နင်းရာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ တကမ္ဘာလုံးကို ဆော်သြပါတယ်။ ဗြိတိန်အစိုးရကလည်း ဒီအမှုကို စုံစမ်းစစ်ဆေးမှု အမြန်ပြီးစီးဖို့ နဲ့ ဖြစ်ရပ်ဆိုးအတွက် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ဗီယက်နမ်က မျှော်လင့်တယ်လို့ နိုင်ငံခြားရေး ပြောခွင့်ရက ပြောပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့အရှေ့ပိုင်းက စက်မှုဇုန်တခုမှာ အောက်တိုဘာ ၂၃ ရက်နေ့က  ကုန်ကားနောက်တွဲထဲကနေ ရုပ်အလောင်း ၃၉‌ လောင်းကို ဗြိတိန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မြောက်အိုင်ယာလန်ဇာတိ အသက် ၂၅ နှစ်အရွယ် ကုန်ကားမောင်းသူကို  လူသတ်မှု သံသယနဲ့ ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။  ဗီယက်နမ် ရဲတပ်ဖွဲ့ကလည်း လူကုန်ကူးမှု သံသယနဲ့ လူ ၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
2 years Ago
Up