ကုန်းရေနှစ်တန်သွား

August 5, 2017

ကုန်းရေနှစ်တန်သွား ယာဉ်အား ချက်နိုင်ငံသား တီထွင် (ရုပ်သံ)

ချက်သမ္မတနိုင်ငံက တီထွင်သူ ရောဘတ်ရှုဘိခ်ဟာ မာစေဒေ့စ် စပရင်တာ ဗန်ကားကို ကုန်းရေ  ၂ တန်သွားယာဉ်အဖြစ် ပြောင်းလဲတီထွင်လိုက်ပါတယ်။ ဒီကားဟာ ပုံမှန်လမ်းတွေပေါ်မှာ မောင်းနိုင်သလို ရေယာဉ်အဖြစ် ပြောင်းလဲ အသုံးပြု နိုင်ပါတယ်။ ခရီးသည် ၁၂ ယောက် တင်ဆောင် နိုင်စွမ်းလည်း ရှိပါတယ်။ ရှုဘိခ်ဟာ ကမ္ဘာလှည့် ခရီးသည်တွေ ချက်နိုင်ငံရဲ့ မြို့တော် ပရပ်ဂ်တလွှား ရှုခင်းကြည့်နိုင်ရေး ကားမောင်းပို့ဖို့ရော ဗ်လ်တာဗာ မြစ်အတွင်း ဇိမ်ခံသင်္ဘောနဲ့ လိုက်ပို့ဖို့ပါ စီစဉ်နေတာပါ။ ဒီယာဉ်ဟာ ကြည့်ကြည့်ချင်း ပုံမှန်ကားနဲ့ တူပေမယ့် ရေထဲမှာ သွားနိုင်ဖို့ ကားနောက်စွန်းမှာ ဝှက်ထားတဲ့ ပန်ကာဒလက် စနစ် ပါရှိပါတယ်။ မူရင်း ကားအစိတ်အပိုင်းတွေကို ဆန်းသစ်ထားပြီး ရေရဲ့ တင်းအားကို ခံနိုင်ဖို့ ပြန် ဂဟေဆော် ထားပါတယ်။ ပစ္စည်း အားလုံးကို သံမဏိနဲ့ လုပ်ထားပါတယ်။ ကုန်းရေ ၂ တန်သွား ဘတ်စ်ကားကို ၄၀ ကီလိုဝပ်ရှိတဲ့ ပင်လယ်သွား အင်ဂျင် တပ်ဆင်ထားပါတယ်။ ဒီယာဉ်ဟာ ပုံမှန် မော်တော်ဘုတ်ကို မောင်းရသလောက်ကို လွယ်တယ်လို့လည်း ရှုဘိခ်က ပြောပါတယ်။ ကွာခြားတာက ဓာတ်ငွေ့လွှတ်ဖို့ ခြေနင်းကို နင်းရပြီး ဦးတည်ချက် ပြောင်းဖို့ ဘီးကို လှည့်ရတာပဲလို့ သူက ဆက်ပြောပါတယ်။ မနှစ်ကရတဲ့ အတွေးအခေါ်ကို လက်တွေ့ တည်ဆောက်ဖို့ နာရီ ၈ ထောင် သုံးခဲ့ရတယ်လို့ သူက ပြောပါတယ်။ သူပိုင်တဲ့ကုမ္ပဏီဟာ အလားတူယာဉ်တွေကို ပိုပြီး တည်ဆောက်ဖို့ ရည်မှန်းထားတာပါ။ ဒီယာဉ်ဟာ အပန်းဖြေ အပျော်ခရီးထွက်သူတွေအတွက်သာမက ရေကြီးချိန် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာပါ သုံးနိုင်လိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်။
4 years Ago
Up