ကုန်အမှတ်တံဆိပ်လား၊ ကုန်ပစ္စည်းအမှတ်တံဆိပ်လား

January 9, 2018

ကုန်အမှတ်တံဆိပ်လား၊ ကုန်ပစ္စည်းအမှတ်တံဆိပ်လား

အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဌာနက ဆိုရင် ၂၀၁၄ ခုနှစ် ကတည်းက “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင် ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်၍ သတိကြီးစွာထားရန်နှင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၏ အတုအပ ဆင်တူယိုးမှား လုပ်ဆောင်ခြင်းများလည်း ရှိနိုင်ခြင်း” စတာတွေကို ဖော်ပြ ဝေဖန်ခဲ့တာတွေလည်း ရှိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ဥပဒေကို ၁၉၁၄ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့တာပါ။ ဒါပေမယ့် အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ပြီဆိုတော့ ခေတ်နဲ့လျော်ညီမှု မရှိနိုင်တာလည်း အသေအချာပါ။ ကုန်အမှတ်တံဆိပ်ဥပဒေဟာ အရင်က မရှိခဲ့ဘူး။ အရင်ကတော့ ပြစ်မှုဆိုင်ရာဥပဒေနဲ့ ပြဋ္ဌာန်းဆုံးဖြတ်ခဲ့ကြတာပါ။ ဒီလိုအပ်ချက်ကို မြန်မာစက်မှုလုပ်ငန်းရှင်တွေလည်း သိသင့်သလောက် သိခဲ့ကြပါတယ်။ ဒါကြောင့်လည်း ၂၀၀၂ ခုနှစ်မှာ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ မူပိုင်ခွင့် သင်တန်းပေး ပို့ချခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ကမ္ဘာ့အသိဉာဏ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်းကြီး (WIPO) နဲ့လည်း ညှိနှိုင်းလုပ်ဆောင်ခဲ့တာတွေ ရှိသလို ၂၀၁၃ မှာ နောက်ဆုံးထား လုပ်ဆောင်ကြဖို့ မူပိုင်ခွင့်ဆိုင်ရာ ကတိကဝတ်ကလည်း ရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အဖွဲ့အစည်း (WIPO) ရဲ့ အသင်းဝင်ဖြစ်သလို အာဆီယံဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ မူဘောင်မှာ သဘောတူ လက်မှတ်လည်း ရေးထိုးပြီးဖြစ်တယ်။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရက မကြာသေးမီကပဲ အများပြည်သူ လေ့လာနိုင်ဖို့ “ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မူကြမ်း” ဆိုပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။ ကုန်ပစ္စည်းမူပိုင်ခွင့်ဥပဒေနဲ့ ပတ်သက်တဲ့ ဆက်စပ်ဥပဒေတွေကလည်း အများအပြား ရှိနေပါတယ်။ ရာဇသတ်ကြီးဥပဒေ၊ ၁၉၀၈ မှတ်ပုံတင်ဥပဒေ၊ မြန်မာနိုင်ငံ ကုန်အမှတ်အသားများ အက်ဥပဒေ (၁၈၈၉) (Myanmar Mercha --ndise Marks Act 1889)၊ ယှဉ်ပြိုင်မှုဥပဒေ ၂၀၁၅၊ သီးခြားသက်သာခွင့်ဥပဒေ စသဖြင့် ဆက်စပ်ဥပဒေကလည်း များတဲ့အတွက် ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်ပေါ်မှု ရှိလာနိုင်သလို ရှုပ်ထွေးမှု ရှိလာနိုင်တာကြာင့် သေချာစေ့ငုဖို့တော့ လိုမှာပါ။ မကြာမီက ထုတ်ပြန်ခဲ့တဲ့ ကုန်အမှတ်တံဆိပ် ဥပဒေကြမ်းမှာတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်အချို့ဟာ ရှင်းလင်းမှုမရှိ ဝေဝါးနေတယ်လို့ ပညာရှင်တွေက သုံးသပ်ခဲ့တာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် DVB Law Lab (ပိုင်းခြားစိတ်ဖြာဥပဒေရေးရာ) အစီအစဉ်မှာ “ကုန်အမှတ်တံဆိပ် ဥပဒေကြမ်းမှာ ဘာတွေဖြည့်စွက်ဖို့ လိုမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြဖို့အတွက် ဦးသန်းမောင် (တရားလွှတ်တော်ရှေ့နေနှင့် ဥပဒေအတိုင်ပင်ခံ) ဦးမောင်မောင် (ခ) ကြည်ရွှန်း (တရားလွှတ်တော်ရှေ့နေနှင့် စာရေးဆရာ) တို့ကို ဖိတ်ကြားခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးသန်းမောင်က “ဥပဒေ ခေါင်းစီးမှာတော့ ကုန်အမှတ်တံဆိပ်ဆိုပြီး ပေးထားပေမယ့် အထဲမှာက ကုန်ပစ္စည်း အမှတ်တံဆိပ်ကိုပဲ အသားပေး ရေးထားတာကို တွေ့နေရတယ်။ ဒီနှစ်ခုက မတူကြဘူး။ ကုန်အမှတ်တံဆိပ်ဆိုတာက ကုန်သွယ်ရာမှာ အသုံးပြုတဲ့ အမှတ်တံဆိပ်ကို ပြောတာ။ ကုန်မှုအမှတ်တံဆိပ်ကို ပြောတာ။ ဥပဒေကြမ်းမှာ ပါတာက ကုန်ပစ္စည်းအမှတ်တံဆိပ် ဖြစ်နေတယ်။ နာမည်ရယ်၊ ခေါင်းစဉ်ရယ် အထဲမှာ ပါတာတွေရယ်က သဟဇာတ မဖြစ်ဘူး” လို့ ဆိုပါတယ်။ ဦးမောင်မောင်ကတော့ အရင်ကတော့ ကုန်အမှတ်တံဆိပ် ဥပဒေဆိုတာ သီးခြားမရှိပါဘူး။ ဗြိတိသျှတို့ရဲ့ ရာဇသတ်ကြီးဥပဒေမှာပဲ ရှိတာပါ။ ကုန်အမှတ်တံဆိပ်ကို အရင်ကတော့ ကြေးတိုင်နဲ့ မြေစာရင်းမှာ မှတ်ပုံတင်ရတယ်။ ဒီဥပဒေထွက်လာတော့ သဘာဝက ခြားနားသွားပြီ။ အခုဥပဒေမှာက အရင် ဘယ်လောက်ကြာကြာ လုပ်ဆောင်ခဲ့လဲ။ အခုဥပဒေအရ အရင်မှတ်ပုံတင်သူက ကုန်အမှတ်တံဆိပ်ကို သုံးစွဲနိုင်တယ်ဆိုတော့ အရင်လူကို နစ်နာစေပါတယ်။ ဒါဟာ အငြင်းပွားမှုကို ပိုဖြစ်စေတယ်။ အခုဥပဒေမှာ အစဉ်တစိုက် သုံးစွဲခဲ့သူကို ကြားကာလ မှတ်ပုံတင်ဖို့ အချိန်ကာလတခု သတ်မှတ်ချက် ပါဝင်သင့်ပါတယ်” လို့ ဆွေးနွေးသွားခဲ့ပါတယ်။ ဒီအချက်ကိုတော့ ဦးသန်းမောင်ကလည်း ထောက်ခံဆွေးနွေခဲ့ပါတယ်။ ကြားကာလဆိုင်ရာ အချိန်အကန့်အသတ်တခု ထည့်သွင်းသင့်တယ်။ ဒီလိုမှမဟုတ်ပဲ ဦးစွာ မှတ်ပုံတင်သူက သုံးစွဲပိုင်ခွင့်ရှိပြီး အစဉ်တစိုက် သုံးစွဲသူရဲ့ ကုန်အမှတ်တံဆိပ်ဟာ မှတ်ပုံတင်တာ နောက်ကျတာနဲ့ လက်လွတ်ဆုံးရှုံးရမယ်ဆိုတာ ယုတ္တိမဲ့လွန်းရာကျတယ်” လို့ ဆိုပါတယ်။ မြေရှင်ပဒေသရာဇ်ခေတ်ရဲ့ ခြံခတ်ဥပဒေလို ဖြစ်နေတယ်။ ဒါကြောင့် အစဉ်တစိုက် သုံးခဲ့သူအတွက် ထပ်မံမှတ်ပုံတင်ချိန်ကာလကို သတ်မှတ်ပေးသင့်တယ်လို့ ဆွေးနွေးသွားခဲ့တယ်။ နှစ်ဦးစလုံး ဆွေးနွေးချက်တွေဟာ လက်တွေ့အခြေအနေနဲ့ ကိုက်ညီနေသလို ဥပဒေလစ်ဟာချက်တွေကို ဖြည့်စွက် ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးသူအားလုံးကတော့ ဥပဒေဆိုင်ရာ ဖွင့်ဆိုချက်တွေထဲမှာ “ဆင်တူယိုးမှား တုပခြင်း (Passing off) ဆိုတာနဲ့ ပတ်သက်ပြီး ပြောထားတာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဆင်တူယိုးမှား လုပ်တာဟာလည်း တပါးသူရဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကို ထိပါးတာပဲ” လို့ ဆိုပါတယ်။ ဒါ့အပြင် ရာဇသတ်ကြီးပုဒ်မ ၄၇၈ မှာပါရှိတဲ့ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ဖွင့်ဆိုမှုနဲ့လည်း မကွာဟဖို့လိုကြောင်း သုံးသပ်ပြခဲ့ကြပါတယ်။ ကျော်ကြားအမှတ်တံဆိပ်ကို ဘယ်သူက သတ်မှတ်ပေးမှာလဲဆိုတဲ့ အချက် မပါတဲ့အတွက် နောင်မှာ ရှုပ်ထွေးလာနိုင်တာကြောင့် ဖြည့်စွက်ရေးဆွဲသင့်ကြောင်း တင်ပြခဲ့ကြပါတယ်။ ဥပဒေအသစ်တခုကို ပြဋ္ဌာန်းရတာဆိုတော့ ချို့ယွင်းချက်၊ အားနည်းချက်အချို့တော့ ရှိတတ်စမြဲပါပဲ။ ဒါပေမယ့် ဥပဒေတရပ်ရဲ့ အစ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာကတည်းက ရှုပ်ထွေးနေရင် နောက်ဆက်တွဲပြဿနာတွေ ဖြေရှင်းရာမှာ ပိုမိုခက်ခဲလာနိုင်ဖွယ်ရာ ရှိပါတယ်။ ပင်မဥပဒေက ကျင့်ထုံးတွေ၊ ပြစ်မှုဥပဒေတွေကိုပါ လွှမ်းမိုးခဲ့ရင် နောင် ပြင်ဖို့ ခက်ခဲတာထက် နစ်နာသူကို ကုစားဖို့ ခက်ခဲလာနိုင်တာကြောင့် မပြဋ္ဌာန်းမီကတည်းက ကြိုတင်ရှင်းကြဖို့ လိုပါမယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာကတည်းက ကုန်အမှတ်တံဆိပ်လား၊ ကုန်ပစ္စည်းအမှတ်တံဆိပ်လား ဆိုတာကအစ ပြန်လည်သုံးသပ်ရန် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ထွန်းဇော်ဌေး
4 years Ago
Up