ကုန်သွယ်ရေးဆွေးနွေးပွဲ

July 26, 2019

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ဇူလိုင် ၃၀ ရက်နေ့ ပြန်စမည်

အမေရိကန်နဲ့ တရုတ်အကြား နောက်တကြိမ် ကုန်သွယ်ရေး ဆွေးနွေးပွဲကို လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာ ပြန်စမယ်လို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်နေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂျီ-၂၀ ထိပ်သီးတွေ့ဆုံပွဲ နောက်ပိုင်း အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးသူ အကြီးအကဲတွေ မျက်နှာ်ချင်းဆိုင် တွေ့ဆုံမယ့် နှစ်ရက်ကြာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြုလုပ်သွားမှာပါ။ ဇွန်လက ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ဂျီ-၂၀ ထိပ်သီးတွေ့ဆုံပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး အမေရိကန်နဲ့ တရုတ်ဟာ နှစ်နိုင်ငံ သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်စည်းကြပ်ရာကနေ ကုန်သွယ်ရေးစစ်ပွဲ စခဲ့ကြတာပါ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ကမ္ဘာ့စီးပွားရေး လည်ပတ်မှုအပေါ် ရိုက်ခတ်မှုရှိခဲ့သလို ဘဏ္ဍာရေးဈေးကွက်တွေကိုလည်း လှုပ်ခတ်စေခဲ့ပါတယ်။ တရုတ်အစိုးရဟာ အမေရိကန် လယ်ယာထုတ်ကုန်တွေကို ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ အိမ်ဖြူတော်က ပြောခဲ့ပေမယ့် ဘာထုတ်ကုန်ဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။
2 years Ago
Up