ကုန်တင်ရဟတ်ယာဉ်

April 8, 2019

အကြီးစား ကုန်တင်ရဟတ်ယာဉ် တီထွင်ရန် ရုရှားနှင့် တရုတ် လက်မှတ်ရေးထိုးမည်

ရုရှားနဲ့ တရုတ်ဟာ အကြီးစား ကုန်တင်ရဟတ်ယာဉ် အမျိုးအစားသစ်ကို ပူးပေါင်းတီထွင်ဖို့ မကြာခင် သဘောတူလက်မှတ် ရေးထိုးသွားမယ်လို့ ရုရှားမီဒီယာတွေက ပြောပါတယ်။ မော်ဒယ်သစ်တီထွင်ဖို့ ရုရှားထုတ် ရဟတ်ယာဉ် Mi-26 ရဲ့ နည်းပညာတွေကို မှီငြမ်း သုံးသွားမှာပါ။ Mi-26 ဟာ ဝန်စည်စလယ်တွေကို တင်ဆောင်ပျံသန်းတဲ့နေရာမှာ ပြိုင်ဘက်ကင်း ရဟတ်ယာဉ် ဖြစ်ပါတယ်။ ဒါ့အပြင် ရဟတ်ယာဉ်ကိုယ်ထည်မှာ ဒလက် ၈ ခု၊ အမြီးပိုင်းမှာ ဒလက် ၅ ခု ပါပါတယ်။ Mi-26 ရဟတ်ယာဉ်မှာ ကုန်တင်အကန့်တခုပါပြီး အဲဒီထဲမှာ သံချပ်ကာယာဉ်နှစ်စီးနဲ့ အလေးချိန်တန် ၂၀ ရှိတဲ့ ကုန်သေတ္တာတွေ ဒါမှမဟုတ် လက်နက်ကိုင်စစ်သည် အယောက် ၈၀ ကို တင်ဆောင်နိုင်ပါတယ်။ အဲဒီရဟတ်ယာဉ်ကို ရုရှားတောင်ပိုင်းက ရော့စ်တော့ဗ်က (Rostov) ရဟတ်ယာဉ်စက်ရုံက ထုတ်လုပ်ထားတာပါ။ ဒီစက်ရုံကို ၁၉၃၉ ခုနှစ်က စတင်တည်ထောင်ပြီး Mi-26 ကုန်တင်ရဟတ်ယာဉ်၊ Mi-35M တိုက်ခိုက်ရေး ရဟတ်ယာဉ် စတဲ့ စစ်ဘက်နဲ့ အရပ်သုံး ရဟတ်ယာဉ်တွေကို ထုတ်လုပ်ပါတယ်။ Mi-26 ရဲ့ နောက်ဆုံးထွက် ရဟတ်ယာဉ်မှာ ရိုးရှင်းပြီး သုံးရလွယ်တဲ့ ဘက်စုံသုံး လေကြောင်း ရေဒီယိုစနစ်နဲ့ အလိုအလျောက် မောင်းနှင်လို့ရတဲ့ စနစ်တွေ ထည့်ထားတယ်လို့ ရုရှားလေတပ်ရဲ့ ဂုဏ်ပြုခံ လေယာဉ်မှူး ဗလန်တင် ပါဒိုကာက ပြောပါတယ်။ “တရုတ်နဲ့ ရုရှားက ရဟတ်ယာဉ် ဒီဇိုင်နာတွေ ပူးပေါင်းပြီး ကမ္ဘာ့အကြီးဆုံး ရဟတ်ယာဉ်ကို ထုတ်လုပ်သွားပါမယ်။ အဲဒီအမျိုးအစားက Mi-26 ထက် ပိုကောင်းပါလိမ့်မယ်။ ရုရှားက ရဟတ်ယာဉ်ထုတ်လုပ်တဲ့ အတွေ့အကြုံ ကြွယ်ဝတယ်။ တရုတ်က နည်းပညာသာတယ်။ ဒါ့ကြောင့် ဒီပူးပေါင်းမှုက ပြည့်စုံတဲ့ အကောင်းဆုံး ရဟတ်ယာဉ်တစီးကို ဖန်တီးနိုင်ပါလိမ့်မယ်” လို့ သူက ပြောပါတယ်။
3 years Ago
Up