ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကုန်စည်ပြပွဲကို နိုဝင်ဘာ ၂ ရက်ကနေ ၅ ရက်ထိ ကျင်းပနေပါတယ်။
မောင်ထောင်ဌာနီခရိုင် အင်းပက် ကုန်စည်ပြပွဲနဲ့ ညီလာခံခန်းမမှာ ကျင်းပတဲ့ ဒီကုန်စည်ပြပွဲအတွင်း ထိုင်းနိုင်ငံထုတ် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ကုန်စည်တွေကို ခင်းကျင်းပြသပါတယ်။
ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ငန်းဟာ ပုဂ္ဂလိက ကဏ္ဍက မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ပစ္စည်းကိရိယာတွေကို ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း ရှိလာခဲ့ပြီလို့ ထိုင်း လုံခြုံရေးဆိုင်ရာ ဒု-ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝုန်စူဝမ်က နိုဝင်ဘာ ၂ ရက် ဖွင့်ပွဲအတွင်း ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူပိုင် အဖွဲ့အစည်းဖြစ်တဲ့ ကာကွယ်ရေး နည်းပညာတက္ကသိုလ်က စစ်တပ်သုံး လက်နက်တွေ ထုတ်လုပ်ရာမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက် တာဝန်ယူထားတယ်၊ ပင်ကိုယ်အရည်အချင်း အစွမ်းအစတွေကို ဆက်လက် ဦးဆောင်သွားမယ်လို့ ပရာဝစ်က ဆက်ပြောပါတယ်။
ကုန်စည်ပြပွဲအတွင်း အာရှ ကာကွယ်ရေးနဲ့ လုံခြုံရေး ကုန်စည်ပြပွဲ ညီလာခံတွေနဲ့ ကွန်ရက်ဖွဲ့ အခမ်းအနားတွေလည်း ပါဝင်ကျင်းပမှာပါ။
တယ်လီကွန်းနဲ့ အီလက်ထရောနစ် ကာကွယ်ရေး ပစ္စည်းကိရိယာတွေ၊ ဂြိုဟ်တုတွေ၊ ရေယာဉ်တွေ၊ လူ ၁၂ ယောက် စီးနင်းနိုင်ပြီး လက်နက်တပ်ဆင်ထားတဲ့ ကုန်းရေ ၂ တန်သွား black widow spider အဆင့် သံချပ်ကာကားတွေ၊ ပဲ့ထိန်းလက်နက်တွေ၊ တင့်ကားတွေ၊ ဒုံးကျည်တွေနဲ့ လက်နက်စနစ်တွေ အပါအဝင် ကြည်းရေလေ ကာကွယ်ရေး ပစ္စည်းတွေကို ထုတ်လုပ်သူတွေက ဒီကုန်စည်ပြပွဲကို ပါဝင်ပြသနေတာပါ။
ဒီပြပွဲကို အာရှနိုင်ငံအသီးသီးက ကြည်းရေလေ တပ်တွေက အဆင့်မြင့် အရာရှိတွေနဲ့ နိုင်ငံတကာ စစ်ဘက်အရာရှိတွေ တက်ရောက်နိုင်ပါတယ်။
ဒါ့အပြင် ရဲချုပ်၊ အကောက်ခွန်၊ ကမ်းရိုးတန်းစောင့်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တခြား အစိုးရနဲ့ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တွေကိုလည်း ဒီပြပွဲကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။
5 years Ago