ကုနိုင်စွမ်းထက်ပိုများ

July 30, 2021

ဘန်ကောက်တွင် ကိုဗစ်-၁၉ ကူးစက်မှု ကုနိုင်စွမ်းထက်ပိုများလာသဖြင့်၊ ပြည်သူချင်းကူညီရန် တိုက်တွန်း

ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာ ကိုဗစ်-၁၉ ကူးစက်မှု တရှိန်ထိုးမြင့်တက်နေပြီး ကုသနိုင်စွမ်းရှိ အင်အားထက် ၅ ဆပိုနေလို့  ဆေးရုံခုတင်ဘယ်လောက်တိုးတိုး လုံလောက်မှာမဟုတ်ဘဲ ပြည်သူချင်းချင်းသာ ကူညီဖို့ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ဝန်ခံပြောကြားလိုက်ပါတယ်။

ဘန်ကောက်မှာ ကိုဗစ်-၁၉ လူနာ ၁၀၀၀ ကျော်ထိပဲ ကောင်းစွာကုသနိုင်မယ်လို့ လွန်ခဲ့တဲ့ ၃ လလောက်က ပြောခဲ့ဖူးကြောင်း၊ အဲဒီနောက် သုံးလေးထောင်ထိတိုးလာတာတောင် စံချိန်ကျိုးသွားပြီဖြစ်ပြီး ယမန်နေ့က ပိုးတွေ့လူနာသစ် နောက်ထပ် ၄၀၀၀ ကျော် ၅၀၀၀ နီးပါးတက်လာတာမို့ ကုသနိုင်စွမ်းအားထက်  လူနာက ၅ ဆ ပိုလာတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆုမ်ဆဒ်အခရဆင်က ယမန်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လူနာရဲ့ အခြေအနေကိုလိုက်ပြီး ဆေးရုံမှာ စိုးရိမ်ရလူနာ အနီရောင်ဇုန်၊  အနည်းငယ်စိုးရိမ်ရလူနာ အဝါရောင်ဇုန်၊  သာမန်လူနာ အစိမ်းရောင်လို့ဇုန် သတ်မှတ်ထားရာမှာ လက်ရှိဆေးရုံတွေမှာတော့ အနီရောင်နဲ့ အဝါရောင်လူနာတွေနဲ့တင် ပြည့်သွားပြီမို့ အစိမ်းရောင်လူနာတွေကို ယာယီဆေးရုံနဲ့ ဆေးရုံတဖြစ်လဲ ဟိုတယ်စတဲ့ အဆောက်အဦတွေမှာထားနေရပါတယ်။

“အခုလို ၅ ဆထိတက်လာတော့ အမှန်တိုင်းပြောရရင် ခုတင်ဘယ်လောက်ထိုးထိုး ဆံ့နိုင်တော့မှာမဟုတ်သလို ကျန်းမာရေး ဝန်ထမ်းတွေလည်း မနိုင်ဝန်တွေ ထမ်းပိုးနေရလို့  ပင်ပန်းနေတဲ့ အပြင် ရောဂါပိုးတွေပါ ကူးစက်ခံနေရတယ်။ တချို့ရက်တွေမှာ လူနာသစ်လက်မခံနိုင်လို့ ဆေးရုံပိတ်ထားရတယ်၊  ဒါ့ကြောင့် ပြည်သူအချင်းချင်းသာ ပြန်ကူရတော့မှာဖြစ်ပြီး ကိုဗစ် ကာကွယ်ဆေးတွေထိုးကြပါ”လို့   ဒေါက်တာဆုမ်ဆဒ်က တိုက်တွန်းပြောကြားပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးတဲ့ ဆေးရုံတွေ၊ ဌာနတွေတိုင်းမှာ လူတွေကာကွယ်ဆေးတိုကင်ရဖို့ ကြိတ်ကြိတ်တိုးတန်းစီနေကြပါတယ်။ အိမ်မှာနေရင်း လူနာတင်ကား လာမခေါ်လို့ သေဆုံးရသူ၊ လမ်းပေါ်မှာတင် လဲကျသေဆုံးသူတွေလည်း နေ့တိုင်းလို ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ လူဦးရေသန်းပေါင်း ၇၀ နီးပါးရှိပြီး ဒီကနေ့ ဇူလိုင် ၃၀ ရက်နေ့ထိ ကာကွယ်ဆေး ပေါင်း ၁၆၅၉၁၃၂၉ လုံး ထိုးနှံခဲ့ပြီးပြီလို့ ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ 

ဒီကနေ့ ကိုဗစ်-၁၉ လူနာသစ်မှာ နောက်ထပ် ၁၇၄၃၅  ဦးရှိပြီး ဘန်ကောက်က ၃၂၉၁ ဦးနဲ့ ပိုးတွေ့အများဆုံးခရိုင်ဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကစ ဒီကနေ့ထိ ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၄၉၅၁၂ ဦး ၊ ပျောက်ကင်းသက်သာသူ ၃၅၃၇၄၉ ဦး သေဆုံးသူ ၄၆၇၉ ဦးရှိပြီး ဆေးရုံမှာ ကုသဆဲလူနာ ၁၉၂၅၂၆ ဦးရှိပါတယ်။ 

ကိုးကား   -  ထိုင်းရတ် / ချနယ်လ် ၃ တီဗွီသတင်း 

4 months Ago
Up