ဟောလိဝုဒ် ရာဇဝတ်ပြစ်မှုဆိုင်ရာ သိပ္ပံလျှို့ဝှက်သည်းဖို ရုပ်ရှင်ကားတကားဖြစ်တဲ့ Replicas ရုပ်ရှင်ကားကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jeffrey Nachmanoff က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသား ကီနူးရိဗ်စ် (Keanu Reeves) က ခေါင်းဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ သူက ဒီကားထဲမှာ ဆေးသိပ္ပံကုမ္ပဏီတခုက အာရုံကြောဆိုင်ရာ သုတေသနပညာရှင် ဝီလျံ ဖော်စ်တာအဖြစ် ပါဝင်ထားခဲ့ပါတယ်။ သူအလုပ်လုပ်တဲ့ ကုမ္ပဏီဟာ သေဆုံးသွားသူတွေရဲ့ ခန္ဓာကိုယ်ထဲက မှတ်ဉာဏ်တွေကို ထုတ်ယူပြီး စက်ရုပ်တွေထဲမှာထည့်ကာ အသက်သွင်းမယ့် အစီအစဉ်ကို လုပ်ဆောင်နေတာပါ။ ဒီအစီအစဉ်မှာတော့ ဝီလျံ ဖော်စ်တာက အရေးအပါဆုံး ပညာရှင်တယောက်ဖြစ်နေပြီး တနေ့မှာတော့ မိသားစုအားလပ်ရက်ခရီးမှာ ထင်မှတ်မထားဘဲ မတော်တဆမှုတခုနဲ့ ဇနီးနဲ့ သမီး ၂ ယောက် သေဆုံးသွားခဲ့တယ်။
ဝီလျံ ဖော်စ်တာဟာ မိသားစုဝင်တွေကို ဆုံးရှုံးရပြီး ချစ်ခင်တဲ့စိတ်နဲ့ သူတို့ကို စက်ရုပ်တွေမှာ ပြန်အသက်သွင်းနိုင်ဖို့ ကြိုးစားချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ပရိသတ်တွေ ရှုစားကြရမှာပါ။
ဒီကားထဲမှာတော့ Keanu Reeves နဲ့အတူ တခြား သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Alice Eve, Thomas Middleditch နဲ့ John Ortiz တို့ ပါဝင် သရုပ်ဆောင်ထားခဲ့ကြပါတယ်။
ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
IMDb မှာ Rating 5.6 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဖင်လန်နိုင်ငံမှာ ကျင်းပတဲ့ Night Visions International Film Festival မှာ ကနဦးပြသခဲ့ပြီး လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
2 years Ago