ကီလောင်အဲမီးတောင်

July 17, 2018

ကီလောင်အဲမီးတောင်အနီး ဖြတ်မောင်းသည့် ခရီးသည်တင်လှေပေါ် ချော်ခဲတလုံး ပေါက်ကွဲ ကျရောက်

အမေရိကန်နိုင်ငံ ဟာဝိုင်ယီမြို့ ကီလောင်အဲမီးတောင် အူကြောင်းနားက ကာပိုဟို ကမ်းရိုးတန်းကို ဖြတ်မောင်းတဲ့ ခရီးသည်တင်လှေ အမိုးပေါ် ဘတ်စ်ကက်ဘောလုံး အရွယ်အစားလောက် ချော်ခဲတလုံးနဲ့ အစအနတွေ ဇူလိုင် ၁၆ ရက် မနက်က ပေါက်ကွဲလွင့်စင် ကျလာခဲ့ပါတယ်။ အဲဒီအတွက် ခရီးသည် ၂၃ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တဦး ပေါင်ရိုးကျိုးကာ တခြားလူတွေ အပူလောင်ဒဏ်ရာ ရခဲ့လို့ ဆေးရုံတင်ပို့ထားတယ်လို့ ဟာဝိုင်ယီ အရပ်ဘက် ကာကွယ်ရေးဌာနက ပြောပါတယ်။ မေလထဲမှာ စပေါက်ကွဲတဲ့ ကီလောင်အဲမီးတောင်က ချော်ရည်တွေ ပင်လယ်ထဲ စီးဝင်ရာက ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ ကျွန်းကြီးရဲ့မြောက်ဘက်စွန်း ကမ်းလွန်မှာ ကျွန်းငယ်တခု အသစ်ပေါ်ထွန်းခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ပြောပါတယ်။ ဟာဝိုင်ယီမီးတောင် စောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၁၃ ရက်မနက် လေကြောင်းခရီးစဉ်အတွင်း သတိထားမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ကျွန်းကို နာမည်ပေးဖို့ဟာ ဒေသခံတွေရဲ့ တာဝန်ပဲလို့ အရာရှိတွေက ပြောပါတယ်။ မီးတောင်ချော်ရည်တွေ ပင်လယ်ရေနဲ့ ထိတွေ့ချိန်မှာ အဆိပ်သင့်ဓာတ်ငွေ့နဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တွေရဲ့ ဘေးတွေ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။
3 years Ago

June 15, 2018

ကီလောင်အဲမီးတောင် ထပ်မံပေါက်ကွဲ၊ ချော်ရည်များ အမြင့်ပေ ၁၆၀ ထိ ပန်းထွက် (ရုပ်သံ)

အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းရှိ ကီလောင်အဲမီးတောင်ဟာ ဇွန်လ ၁၃ ရက် အစောပိုင်းက ထပ်မံပေါက်ကွဲခဲ့ပြီး အရှေ့ဘက်ဆင်ခြေလျှောရှိ အက်ကွဲကြောင်း ချော်ရည်တွေဟာ အမြင့်ပေ ၁၆၀ အထိ ပန်းထွက်ခဲ့ပါတယ်။ သီတင်း ၆ ပတ်ကြာ ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့ပြီးနောက်မှာလည်း ကီလောင်အဲ မီးတောင်ဟာ ငြိမ်သက်မယ့်လက္ခဏာ မတွေ့ရသေးပါဘူး။ မေလ ၃ ရက်နေ့ မီးတောင် စတင်ပေါက်ကွဲချိန်ကစလို့ အလယ်အလတ်အဆင့် ငလျင်လှုပ်ခတ်မှုပေါင်း ရာနဲ့ချီပြီး ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ မြေအောက်လှုပ်ရှားမှုဖြစ်ပြီး မီးတောင်အတွင်းပိုင်းကနေ စီးထွက်လာတဲ့ ချော်ရည်တွေကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် သက်ဝင်လှုပ်ရှားမှုအဖြစ်ဆုံး အက်ကွဲကြောင်း အမှတ် ၈ က ချော်ရည်တွေဟာ သမုဒ္ဒရာထဲကို ဆက်လက်စီးဝင်နေပါတယ်။ ဒီ့အတွက် ခော်ျရည်နဲ့ ပင်လယ်ရေ ထိတွေ့ပြီး ဟိုက်ဒရိုကလိုရစ်အက်ဆစ်တွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
3 years Ago
More News
Up