ကီဗင်မေယာ

August 27, 2020

TikTok အရာရှိချုပ် ရာထူးက နုတ်ထွက်

ဗွီဒီယိုဖိုင် အတိုလေးတွေကို အွန်လိုင်းမှာ မျှဝေတဲ့ အပလီကေးရှင်း TikTok ရဲ့ ပိုင်ရှင် ဘိုက်ဒန့်စ်ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် ကီဗင်မေယာဟာ ရာထူးက နုတ်ထွက် သွားပါတယ်။  သူ့နေရာမှာ အမေရိကန်နိုင်ငံသား မန်နေဂျာချုပ် ဗာနက်ဆာပါပက်စ်က အစားထိုးနေရာ ယူမယ်လို့ အတွင်းသိတွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ TikTok နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံထဲမှာ ငွေအဝင်အထွက် တားမြစ်ပိတ်ပင်ဖို့ အမေရိကန်သမ္မတက အထူးအမိန့် ထုတ်ပြန်ခဲ့တာပါ။  အဲဒီအတွက် အမေရိကန်အစိုးရကို TikTok က တရားစွဲအပြီး ရက်ပိုင်းအတွင်း မေယာက ရာထူးက နုတ်ထွက်ခဲ့ပါတယ်။  မေယာဟာ ဇွန်လ ၁ ရက်ကမှ TikTok ရဲ့ မိခင်ကုမ္ပဏီ ဘိုက်ဒန့်စ်ကို လာရောက် ပူးပေါင်းတာဖြစ်ပြီး အရင်က ဝေါလ်ဒစ္စနေးကုမ္ပဏီရဲ့ အမှုဆောင်လည်း ဖြစ်ပါတယ်။ “လတ်တလော သီတင်းပတ်တွေမှာ နိုင်ငံရေးဆိုင်ရာ ပတ်ဝန်းကျင်က သိသိသာသာ ပြောင်း ခဲ့ပါတယ်။ ကျနော် လုပ်ငန်းတွင်း ဖွဲ့စည်းတည်ဆောက်ပုံ အပြောင်းအလဲတချို့ လုပ်ဖို့လိုလို့ သိသာ တဲ့ ထင်ဟပ်ချက် တချို့ လုပ်ခဲ့ပြီးပြီ။ ကုမ္ပဏီကို စွန့်ခွာဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ စိတ်လေးလေး နဲ့ပဲ အားလုံး သိအောင် ပြောခဲ့ချင်တယ်” လို့  မေယာက ပြောပါတယ်။  ဘိုက်ဒန့်စ်ကုမ္ပဏီ တည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် ကျန်းယီမင်ကတော့ ကုမ္ပဏီ ဟာ ကမ္ဘာတလွှားမှာ အထူးသဖြင့် အမေရိကန်နဲ့ အိန္ဒိယမှာ ကြုံနေရတဲ့ ကိစ္စရပ်တွေအတွက် အဖြေရှာဖို့ အမြန်ရွေ့လျားနေတယ် လို့ ပြောပါတယ်။  ဘိုက်ဒန့်စ်ကို  မေယာ လာပူးပေါင်းတာဟာ ကျနော်တို့ရဲ့ စိန်ခေါ်မှု အများဆုံး အချိန်အတွင်း ရောက်လာတာလို့ ကျန်းယီမင်က ပြောပါတယ်။ “ကျနော်တို့လို အမြန်ရွေ့လျားနေတဲ့ ကုမ္ပဏီတခုမှာ ခေါင်းဆောင်နေရာကို ဘယ်တော့မှ အလွယ်နဲ့ မရောက်လာဘူး၊ အခြေအနေက သူရောက်လာပြီး နောက်ပိုင်းမှာ ပိုပြီးရှုပ်ထွေးလာခဲ့ တယ်” လို့ ကျန်းက ပြောပါတယ်။
1 year Ago
Up