ကီနာဘာလူတောင်

June 11, 2015

မလေးရှား ကီနာဘာလူတောင်ထိပ်တွင် ကိုယ်လုံးတီး ဓာတ်ပုံရိုက်သည့် နိုင်ငံခြားသားများကို ဖမ်းဆီး

မလေးရှားနိုင်ငံ ကိုတာ ကီနာဘာလူ ဒိစတြိတ်တရားရုံးက ကနေဒါနိုင်ငံသား ၂ ယောက်၊ ဒတ်ခ်ျလူမျိုး ၁ ယောက်နဲ့ ဗြိတိန်နိုင်ငံသား ၁ ယောက်ကို ဇွန်လ ၁၀ ရက်နေ့က ၄ ရက်ချုပ်မိန့် ပေးလိုက်ပါတယ်။ ဒေသခံတွေ အထွဋ်အမြတ်ထားတဲ့ ကီနာဘာလူတောင်ထိပ်မှာ ကိုယ်တုံးလုံးချွတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအပြီး ခုလို စီရင်လိုက်တာပါ။ မလေးရှားနိုင်ငံသားတချို့က မြင့်မြတ်တယ်လို့ သတ်မှတ်ထားတဲ့ တောင်ထိပ်မှာ မဖွယ်မရာလုပ်လို့ တောင်စောင့်နတ်တွေ စိတ်ဆိုးတဲ့အတွက် ငလျင်လှုပ်ခဲ့တာလို့ ပြောကြပါတယ်။ ဒီနိုင်ငံခြားသား ၄ ယောက်ဟာ မေလ ၃၀ ရက်နေ့က တောင်ထိပ်မှာ ကိုယ်လုံးတီး ဓာတ်ပုံရိုက်ခံခဲ့တဲ့ ကမ္ဘာလှည့် ခရီးသည်အုပ်စုထဲကလို့ စွပ်စွဲခံထားရပါတယ်။ ရဲတွေကတော့ ဒီလုပ်ရပ်မှာ ပါဝင်တယ်လို့ ယုံကြည်ရတဲ့ တခြားလူတွေကို ဆက်ရှာနေပါတယ်။ မဖွယ်မရာလုပ်မှုနဲ့ ရမန်ချုပ်မိန့် ပေးထားတာ ခံရတဲ့ သံသယရှိသူ ၄ ယောက်ဟာ ၃ လထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ကို ကျခံရနိုင်ပါတယ်။ သက်ကြီးတိုင်းရင်းသားတွေကတော့ သူတို့ မဖွယ်မရာလုပ်လို့ တောင်စောင့်နတ် စိတ်ဆိုးတဲ့အတွက် လူသေဆုံးရတဲ့ ငလျင်ကြီး လှုပ်တာလို့ စွပ်စွဲထားပါတယ်။ ဇွန် ၅ ရက်နေ့က မလေးရှားနိုင်ငံ ဆာဘားပြည်နယ်မှာ ပြင်းအား ရစ်ခ်ျတာစကေး ၆ ရှိတဲ့ ငလျင်လှုပ်ခဲ့လို့ လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဇွန် ၇ ရက်နေ့ကစပြီး ကီနာဘာလူ တောင်ပေါ်မှာ တောင်တက်လှုပ်ရှားမှု အားလုံးကို သီတင်းပတ် ၃ ပတ် ရပ်နားထားခဲ့ပါတယ်။
6 years Ago
Up