ကို့စ်တာရီကာတွင်

January 1, 2018

ကို့စ်တာရီကာတွင် လေယာဉ်တစီး ပျက်ကျ၊ ၁၂ ဦး သေဆုံး

ကို့စ်တာရီကာ နိုင်ငံမှာ လေယာဉ်တစီး မနေ့က ပျက်ကျခဲ့လို့ အမေရိကန်နိုင်ငံသား ၁၀ ယောက် နဲ့ လေယာဉ်မှူး ၂ ယောက် သေဆုံးတယ်လို့ ကို့စ်တာရီကာ အစိုးရက ပြော ပါတယ်။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ အစိုးရ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။ မြို့တော် စန်ဟိုဆေးရဲ့ အနောက်ဘက် မိုင် ၁၄၀ အကွာက တောင်ထူတဲ့ ပန်တာ အစ်လီတာ ဒေသမှာ လေယာဉ် ပျက်ကျခဲ့တာပါ။ ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ လူကြိုက်များပါတယ်။ ဒေသခံ ကုမ္ပဏီ နေးချားအဲရ်က လုပ်ငန်းလည်ပတ်နေတဲ့ လေယာဉ်ပျက်ကျတာလို့ ကို့စ်တာရီကာ အရပ်ဘက် လေကြောင်း အေဂျင်စီရဲ့ ညွှန်မှူး အဲနိုယို ကုဘီလိုက ပြောပါတယ်။ နေးချားအဲရ် ကုမ္ပဏီကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ လေယာဉ်ပျက်ကျလို့ သေဆုံးတဲ့ လေယာဉ်အမှုထမ်းထဲက တယောက်ဟာ သူ့ မောင်နှမဝမ်းကွဲ ဖြစ်တယ်လို့ ၂၀၁၀ ကနေ ၂၀၁၄ ခုနှစ်ထိ ကို့စ်တာရီကာ သမ္မတ ဖြစ်ခဲ့သူ လော်ရာ ချင်ချီလာက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ ပန်တာ အစ်လီတာဟာ ကို့စ်တာရီကာ နိုင်ငံရဲ့ ပစိဖိတ် ကမ်းရိုးတန်းဒေသမှာ ရှိတာပါ။ ကမ်းခြေတွေနဲ့ လှပတဲ့ မြေမျက်နှာသွင်ပြင်ကြောင့် မြောက်အမေရိကနဲ့ ဥရောပက ခရီးသည်တွေကြားမှာ လူကြိုက်များပါတယ်။
3 years Ago
Up