ကိုးကန့်ခြေကုပ်စခန်း

March 7, 2017

ကိုးကန့်ခြေကုပ်စခန်း ပွိုင့် ၂၁၄၅ တောင်ကုန်းအား သိမ်းပိုက်ရရှိဟု တပ်မတော်ကြေညာ

  ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့ MNDAA အခိုင်အမာတပ်စွဲထားတဲ့   ပွိုင့် ၂၁၄၅ တောင်ကုန်းကို တပ်မတော်စစ်ကြောင်းတွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြောတလျှောက် အခိုင်အမာတပ်စွဲနေတဲ့ MNDAA တပ်ဖွဲ့တွေကို တပ်မတော်စစ်ကြောင်းတွေက ၂၀၁၇ ဇန်န၀ါရီ ၁၉ ရက်က စတင်ပြီး  အဆင့်ဆင့်ခြေကုပ်ယူ ချဉ်းကပ်တိုက်ခိုက်ခဲ့ရာမှာ  ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၆ ရက်နေ့ မနက် ၂ နာရီခန့်မှာတော့  MNDAA အဖွဲ့က လောက်ကိုင်ဒေသအား တစ်ကြော့ပြန်အဖြစ် စုစုပေါင်း ၇ နေရာအား တစ်ချိန်တည်း တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပေမယ့် တပ်မတော် စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် လောက်ကိုင်မြို့တွင်း ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ရေး အကြံအစည်မှာ လည်း ရပ်တန့်ခဲ့တယ်လို့  သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ တချိန်ထဲတပြိုင်ထဲမှာလိုပဲ  ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ်ထားတဲ့ တပ်မတော်စစ်ကြောင်းတွေက အမြောက်၊ သံချပ်ကာနဲ့ ခြေလျင်လက်နက်ကြီး ပစ်ကူတွေရယူပြီး အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာမှာ  ပွိုင့် ၂၁၄၅ တောင်ကုန်းအား မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်မှာ သိမ်းပိုက်ရရှိခဲ့ပြီး  မွန်းလွဲ ၂ နာရီခွဲခန့်မှာ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၅)နေရာ၊ ညနေ ၄နာရီလောက်မှာ ခန့်မှန်းမြေပုံညွှန်း (MG- ၇၁၇၅၅၃)နေရာကိုသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ မတ်လ ၆ ရက်နေ့ လောက်ကိုင်ဒေသတိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့ထံက  မီးလောင်ထားတဲ့ အလောင်း ၂၀ လောင်း၊ RPG ၂ လက်အပါအ၀င် လက်နက်မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး  ပွိုင့်-၂၁၄၅ တောင်ကြောတိုက်ပွဲမှာ  MNDAA အလောင်း ၆ လောင်း၊ လက်နက်ကြီး/ လက်နက်ငယ် ၆ လက် ရရှိခဲ့ပြီး တပ်မတော်   အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး  
5 years Ago
Up