ကို့စ်တာဖှော်တူနာ

March 10, 2020

ရပ်နားခွင့် ငြင်းပယ်ခံရသည့် အီတလီ ဇိမ်ခံသင်္ဘော စင်ကာပူတွင် ရပ်နားခွင့်ရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်လို့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ ကျောက်ချ ရပ်နားဖို့ အငြင်းခံရတဲ့ အီတလီ ဇိမ်ခံသင်္ဘော ကို့စ်တာဖှော်တူနာဟာ စင်ကာပူနိုင်ငံမှာ မတ် ၁၀ ရက်က ကျောက်ချ ရပ်နားနိုင်ခဲ့ပါတယ်။ သင်္ဘောဟာ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စင်ကာပူရဲ့ မာရီနာပင်လယ်အော် ဇိမ်ခံသင်္ဘောဌာနမှာ ကျောက်ချခဲ့တာပါ။ အီတလီနိုင်ငံသားတွေ အပါအဝင် သင်္ဘောပေါ်က ဧည့်သည်တွေထဲမှာ ဗိုင်းရပ်စ် ကူးစက်ခံ သံသယလူနာတောင် မရှိဘူးလို့ အီတလီ ဇိမ်ခံသင်္ဘောလိုင်း ကို့စ်တာခရူချယ်ရေက ပြောပါတယ်။ အီတလီမှာ မတ် ၁၀ ရက် မနက် ၁၀ နာရီအထိ အတည်ပြုချက်အရ ကူးစက်ခံလူနာ ၉၁၇၂ ယောက် ရှိနေပြီး တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ ခရီးသည် အယောက် ၃၄၇၀ နဲ့ ဝန်ထမ်း ၁၀၂၇ ယောက်ကို တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ အရင်အပတ်က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ပထမအကြိမ် ရပ်နားခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ သင်္ဘောပေါ်မှာ တကယ်ပါတဲ့ လူဦးရေကိုတော့ သင်္ဘောလိုင်းက မကြေညာခဲ့ပါဘူး။ စင်ကာပူနိုင်ငံမှာ နေခဲ့မယ့် ခရီးသည်အားလုံးကို ကိုယ်ပူချိန် စစ်ဆေးမှာဖြစ်ပြီး တချို့ကိုတော့ ဗိုင်းရပ်စ် ရှိ၊ မရှိ စမ်းသပ်မယ်လို့ စင်ကာပူအဏ္ဏဝါနဲ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ စင်ကာပူ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
2 years Ago
Up