ကိုအောင်မြတ်ကျော်

August 7, 2020

အေအေအဖွဲ့ခေါင်းဆောင်၏ ညီဖြစ်သူ အပါအဝင် ၈ ဦးအမှု လိုပြသက်သေများကို အပြီးသတ် စစ်ဆေးမည်  

အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့  အေအေအဖွဲ့ ခေါင်းဆောင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးရဲ့ အမှုနဲ့ ပတ်သက်ပြီး လာမယ့် ဩဂုတ် ၂၁ ရက်နေ့မှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးဖို့ လျာထားတယ်လို့ သိရပါတယ်။ အမှုကိုတော့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးနေတာပါ။ အမှုအတွက် တရားလိုပြသက်သေ ၁၄ ဦးတင်ထားတာဖြစ်ပြီး၊ အခုအချိန်မှာတော့ ၁၂ ဦးမြောက် သက်သေကို စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ ရှာဖွေပုံစံ စာရွက်ပေါင်း ၄၀၀ ကျော်ထဲကနေပြီးတော့ ၄၅ ရွက်ကို တိုက်စစ်ပြီး သက်သေခံအဖြစ် သိမ်းဆည်းခဲ့တယ်လို့လည်းအနောက်ပိုင်းခရိုင်တရား ရုံးရဲ့ပြန်ကြားရေးအရာရှိဆီက တဆင့်သိရပါတယ်။ လာမယ့် ရုံးချိန်းကိုတော့ ဩဂုတ် ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုထားပြီး ၁၂ ယောက်မြောက်သက်သေကိုပဲ ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုအောင်မြတ်ကျော်ပါဝင်တဲ့ ရခိုင်အသင်း (စင်ကာပူ) ဟာ အေအေအဖွဲ့ကို ရန်ပုံငွေရှာပေးနေတယ်လို့ စွပ်စွဲချက်နဲ့ စင်ကာပူအစိုးရက ကိုအောင်မြတ်ကျော်အပါအဝင် ရှစ်ဦးကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လအတွင်းက ပြည်နှင်ဒဏ်ပေးလိုက်တာပါ။ အဲဒီနောက်မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပြီး အကြမ်းဖက်ဥပဒေနဲ့တရားရင်ဆိုင်ခဲ့ရတာ  ဖြစ်ပါတယ်။ သတင်း-နူးရာ
1 year Ago
Up