ကိုအောင်ကြီး

January 15, 2021

ကိုအောင်ကြီးနှင့် ရဲတပ်ဖွဲ့အမှု  ရက်ပေါင်း ၅၄၀ အတွင်း အပြီးစစ်ရန် သတ်မှတ် 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယာဉ်မောင်း ကိုအောင်ကြီးက  တရားစွဲဆိုထားတဲ့အမှုမှာ နှစ်ဖက်စေ့စပ်ညှိနှိုင်းဖို့ သဘောထားမရှိတဲ့အတွက် အမှုကို ဆက်လက် ရင်ဆိုင်ကြဖို့ ရှိနေပြီး ရက်ပေါင်း ၅၄၀ အတွင်း အမှုကို အပြီးစစ်ဆေးဖို့ သတ်မှတ်လိုက်ပါတယ်။  ဗစ်တိုးရီးယားအမှုမှာ မမှန်မကန်တရားစွဲဆို ချုပ်နှောင်ခံရတဲ့အတွက် လျော်ကြေးနဲ့ နစ်နာကြေး ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယာဉ်မောင်း ကိုအောင်ကြီးက တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ကိုယ်တိုင်လာရောက်ခဲ့ခြင်းမရှိဘဲ သူ့ကိုယ်စား ဥပဒေဌာနက ဒုတိယရဲမှူးကြီး ဝင်းမြင့်လာရောက်ခဲ့ပြီး အမှုကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖို့ သဘောထား မရှိဘူးလို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ “ လာပြီးတော့ ရုံးရှေ့မှာ အရောက်ပြပါတယ်။ ရုံးကရော ကျနော်တို့ကရော သူ့ကို ရဲချုပ်ရဲ့ အခွင့်ရကိုယ်စားလှယ်အဖြစ် လက်ခံပြီးတော့ ဆက်ဆံပါတယ်။ အဲဒါပြီးတော့ ရုံးကနေ CMP ရဲ့ မူအရ တရားမမှုမှာ စေ့စပ်ညှိနှိုင်းရေးအရာရှိဆီကို ပို့ပါတယ်။ စေ့စပ်ညှိနှိုင်းရေးအရာရှိရှေ့မှာ တရားလိုကရော တရားပြိုင်ကရော ဒီဥစ္စာကို စေ့စပ်ညှိနှိုင်းဖို့ သဘောထားမရှိဘူးလို့ ပြောပါတယ် ” လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ တရားလိုဖြစ်တဲ့ ကိုအောင်ကြီးအနေနဲ့ ငွေကြေးရလိုမှုကြောင့် တရားစွဲဆိုတာမဟုတ်ဘဲ အမှုကို အဆုံးထိသွားလိုတာကြောင့် စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ ပြောပါတယ်။ “ ကျနော်ဘက်က မညှိနှိုင်းချင်ဘူး။ အဆုံးထိပဲ သွားချင်တယ်။ အဓိက ငွေကြေးကြောင့် မဟုတ်ဘူးလို့ ပြောချင်တာ။  ကျနော့် ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ မိသားစုအသိုင်းအဝိုင်းပေါ့၊ ဒီဟာ အားလုံးကို ခြုံပြီးတော့ တရားစွဲတာပါ။”လို့ ကိုအောင်ကြီးက ဆိုပါတယ်။ အခုလို နှစ်ဖက်လုံးက စေ့စပ်ညှိနှိုင်းဖို့ သဘောထားမရှိကြတဲ့အတွက် အမှုကို ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်ပြီး ရက်ပေါင်း ၅၄၀ အတွင်း အပြီးစစ်ရမယ့် အမှုအဖြစ် သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ နောက် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၁၁ ကို ပြန်လည်ချိန်းဆိုထားပါတယ်။
1 year Ago

December 8, 2020

ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကြီးက နစ်နာကြေး ကျပ် သိန်း ၅၀၀၀ ရလိုမှုဖြင့် ရဲတပ်ဖွဲ့ကို တရားစွဲ

ဗစ်တိုးရီးယားအမှု သံသယတရားခံ ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက နစ်နာကြေး ကျပ် သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ အမှုကို နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ ဒီနေ့အဆိုလွှာတင်သွင်းခဲ့တာဖြစ်ပြီး တရားရုံးက လက်ခံလိုက်ပြီး တရားမ ကြီးမှုအမှတ် ၃၁၂/၂၀၂၀ နဲ့လက်ခံကြားနာသွားမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါ တယ်။ “ သူ့ရဲ့ အမှုခေါင်းစဉ်အနေနဲ့ကတော့ မမှန်မကန်တရားစွဲဆိုချုပ်နှောင်ခံရတဲ့အတွက် နစ်နာကြေးငွေ ကျပ်သိန်း ငါးထောင် ရလိုမှုဆိုပြီး အဲလိုစွဲပါတယ်။ စွဲတော့ တာဝန်ရှိတဲ့သူက မြန်မာနိုင်ငံရဲတပ်ဖွဲ့တစ်ခုလုံးလို့ ယူဆတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုအောင်ကျော်မျိုး(ခ)အောင်ကြီးက စွဲပါတယ်။ အဲဒီမှာ ရဲချုပ်အနေနဲ့ အပြည့်အဝတာဝန်ယူနေတာ ကြီးကြပ်ကွပ်ကဲနေတာက ရဲချုပ်အောင်ဝင်းဦးဖြစ်တဲ့အတွက် သူ့ကို ရှေ့ကတပ်ပြီး စွဲပါတယ်။ ဒါပေမဲ့ ကျနော့်အနေနဲ့ စွဲတာကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး တစ်ခုလုံးကို စွဲတာပါ”လို့ တရားလို ရှေ့နေအဖြစ်ဆောင်ရွက်မယ့် တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဒီဇင်ဘာ၁၈ ရက်နေ့မှ အဆိုလွှာကို စိစစ်ဖို့ ရုံးချိန်း ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။  “ ၁၈ ရက်နေ့ကတော့ အဆိုလွှာကို စိစစ်ဖို့ပေါ့။ ဒီပုံစံနဲ့ သွားလို့ရသလားပေါ့။ ပြင်ဖို့ လိုသလား မလိုဘူးလားပေါ့။ အဲဒါပြီး တော့မှ နောက်တစ်ချိန်းမှာ ငြင်းချက်သံမန်စာခေါ်တာပေါ့၊ ငြင်းချက်သံမန်စာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူ့ရဲ့အကြီးအကဲ ဖြစ်တဲ့ ရဲချုပ်ကို ငြင်းချက်သံမန်စာထုတ်ပါမယ်။ ရဲချုပ်ရောက်လာမှာ သူ့ဘက်က ချေလွှာတင်တာတို့ ဘာတို့ လုပ်မှာပေါ့ ” လို့ ရှေ့နေက ဆိုပါတယ်။ ဒီလိုအမှုမျိုးဟာ တရားစွဲဖို့ နှစ်လ ကြိုတင်အကြောင်းကြားရတဲ့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။ အခုလို အစိုးရအဖွဲ့ရဲ့ အဖွဲ့အစည်းတစ်ခုကို တရားစွဲဆိုတာဟာ မြန်မာနိုင်ငံမှာ  ရှားရှားပါးပါးဖြစ်ပါတယ်။ နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ ကျောင်းသူလေး ဗစ်တိုးရီးယားလိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနဲ့ ပတ်သက်ပြီး  ယာဉ်မောင်းသမား ကိုအောင်ကြီးဟာ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမှုကနေ ပြန်လွတ်လာခဲ့တာပါတယ်။ 
1 year Ago
Up