ကိုသက်နိုင် (ခ) ကိုဖိုးသား

April 5, 2021

ဗန်းမော်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ကိုသက်နိုင် (ခ) ကိုဖိုးသား၏ ဈာပန ကျင်းပ

ကချင်ပြည်နယ်၊  ဗန်းမော်မြို့မှာ  အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့  ကိုသက်နိုင် (ခ) ကိုဖိုးသားရဲ့ ဈာပနကို ဒီကနေ့ ဧပြီ ၅ ရက် မွန်းလွဲတစ်နာရီမှာကျင်းပခဲ့ပြီး   ကြက်ပေါင်ခြံသုဿန်မှာ  မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဗန်းမော်မြို့ရှိ ခွန်သာရပ်ကွက်မှာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက် မနက်  ၃ နာရီ လောက်က ရဲနဲ့ စစ်တပ်ရဲ့ ဝင်ရောက်ပစ်ခတ်စဉ် ကိုသက်နိုင် သေနတ်ကျည်ဆန်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

ကိုသက်နိုင်မှာ အချဉ်ပေါင်းရောင်းချအသက်မွေးဝမ်းကြောင်းတဲ့ မိခင်ဖြစ်သူရယ် မွေးချင်းမောင်နှစ်မ ၃ ယောက်ကျန်ရှိပါတယ်။  သူကတော့ အိမ်ထောင်မရှိဘဲ လူပျိုလူလွတ်ဖြစ်ပြီး ကြုံရာကျပန်းလုပ်ကိုင်ကာ ရပ်ကွက်ထဲ အေးအေးဆေးဆေးနေတတ်သူ ဖြစ်တယ်လို့သိရပါတယ်။ 

ဗန်းမော်မြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး၊  အမျိုးသမီး ၁ ဦး  စုစုပေါင်း ၃ ဦးကျဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ကာ တချို့မှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ဆန္ဒပြပြည်သူ အများအပြားလည်း ရိုက်နှက် ဖမ်းဆီးခံခဲ့ကြရကာ ဖမ်းဆီးခံရသူ  စာရင်းအတိအကျမရနိုင်သေးပါဘူး။

ဖမ်းဆီးခံရသူ တချိုကတော့ မိသားစုဝင်တွေနဲ့လည်း  တွေ့ခွင့်မရသေး တာကြောင့် ကူညီပေးမယ့် အဖွဲ့အစည်းတွေကို  ဗန်းမော်ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

8 months Ago
Up