ကိုဝေဠု

February 26, 2021

ပရဟိတသမား ကိုဝေဠုကို ပြန်လွှတ်ပေးရန် ငဖဲမြို့မရဲစခန်းရှေ့ ညလုံးပေါက် ဆန္ဒပြ

ပုဒ်မ ၅၀၅- ကနဲ့  ဖမ်းဆီးခံထားရတဲ့ ကိုဝေဠုကို ပြန်လွှတ်ပေးဖို့ ငဖဲမြို့မရဲစခန်းရှေ့မှာ ပြည်သူတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ညလုံးပေါက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ပရဟိတသမား ကိုဝေဠုအား ပြန်လွှတ်ပေးဖို့ လူထုက ပဒါန်းရဲစခန်းရှေ့မှာ တစ်ကြိမ်တောင်းဆိုခဲ့ကြပြီးနောက် ငဖဲမြို့မစခန်းရှေ့မှာ မွန်းလွဲ ၃ နာရီလောက်ကတည်းက စုဝေးတောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

“ဖဲမြို့လူထုကတော့ ကိုဝေဠု မလွတ်မချင်း ညလုံးပေါက် ဆန္ဒပြတောင်းဆိုသွားဖို့ ဆုံးဖြတ်ထားတယ်” လို့ မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်း ဦးဆောင်သူ ကိုလွှမ်းမိုးက ဒီဗွီဘီကို ပြောပါတယ်။

ကိုဝေဠုလွတ်မြောက်ရေး ရာနဲ့ချီ ဆန္ဒပြတောင်းဆိုနေသူတွေအတွက် ငဖဲဒေသခံတွေက ညစာ ထမင်း၊ ဟင်းတွေ ချက်ပြုတ် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ကိုဝေဠုဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၈ နာရီကျော်လောက်က  ဆိုင်ကယ်စီးလာစဥ်  ပဒါန်းရဲစခန်းရှေ့အရောက်မှာ ရဲတပ်ဖွဲ့က တားဆီးပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းဝင် ကိုဝေဠုကို အရေးယူထားတဲ့ ရာဇသတ်ကြီး ပုဒ္မ ၅၀၅-က ဟာ ရဲအရေးပိုင်တဲ့အမှုဖြစ်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်ထိ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

2 years Ago

February 25, 2021

ဖမ်းထားသည့် ပရဟိတသမား ကိုဝေဠုကို ပြန်လွှတ်ပေးရန် ပဒါန်းရဲစခန်းရှေ့ ဆန္ဒပြ

ဖမ်းဆီးခံထားရတဲ့ မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းက ကိုဝေဠုကို ပြန်လွှတ်ပေးဖို့ ပဒါန်းရဲစခန်းနဲ့ ငဖဲမြို့မရဲစခန်းရှေ့မှာ ပြည်သူတွေ ဒီနေ့နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကိုဝေဠု ဟာ ဒီနေ့မနက် ၈ နာရီကျော်လောက်က  ဆိုင်ကယ်စီးလာစဥ်  ပဒါန်းရဲစခန်းရှေ့အရောက်မှာ ရဲတပ်ဖွဲ့က တားဆီးပြီးတော့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကိုဝေဠုဟာ စစ်အာရှင်ဆန်ကျင်ရေးဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတာမျိုး မဟုတ်ဘဲ ယခင်ရက်​တွေကတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူလူထုက ပဒါန်းရဲစခန်းရှေ့မှာ နေ့လယ် ၁ နာရီဝန်းကျင်လောက်က စတင်ကာ တောင်းဆိုခဲ့ကြတာပါ။ ငဖဲမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကြားသိရတဲ့အတွက် ငဖဲမြို့မရဲစခန်းရှေ့ကိုလည်း ဆက်လက်ချီတက် တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မင်းထီး

2 years Ago
Up