ကိုလံယီယာသမ္မတ

November 27, 2019

ကိုလံယီယာသမ္မတ အီဗန်ဒူကေး ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုဆန္ဒပြ

ကိုလံဘီယာနိုင်ငံမှာ သမ္မတ အီဗန်ဒူကေး ရာထူးက နုတ်ထွက်ရေး ဆန္ဒပြပွဲတွေ ဆဋ္ဌမမြောက်နေ့အဖြစ် ဆက်ဖြစ်နေပါတယ်။ နိုဝင်ဘာ ၂၆ ရက်က နေဗာမြို့  ဆန္ဒပြပွဲအတွင်း အိမ်လုပ် ဖောက်ခွဲရေးပစ္စည်းကြောင့် ရဲအရာရှိတဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်နေ့က အသက် ၁၈ နှစ်အရွယ် ဆန္ဒပြသူတဦး သေဆုံးရတဲ့ကိစ္စကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ လူစုခွဲနည်းဗျူဟာအပေါ် ဝေဖန်မှုတွေ ထပ်တိုးလာနေပါတယ်။ သေဆုံးခဲ့တဲ့ ဒီလန်ခရုဇ်ဟာ လူငယ်ဆန္ဒပြသူ အများအပြားရဲ့ အမှတ်လက္ခဏာ ဖြစ်လာပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ ရာချီ အသတ်ခံရမှုကို အစိုးရအနေနဲ့ မတားမြစ် မဆောင်ရွက်နိုင်တာကိုလည်း ဆန္ဒပြသူတွေက အဓိကထားပြောပါတယ်။ ၂၀၁၆ ငြိမ်းချမ်းရေး သဘောတူညီချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့လည်း ဆန္ဒပြသူတွေက သမ္မတကို တောင်းဆိုပါတယ်။ ဆန္ဒပြပွဲတွေ လျော့ပါးစေဖို့အတွက် နိုင်ငံရဲ့ အဆင်းရဲဆုံး ပြည်သူ ၂၀ ရာခိုင်နှုန်းကို ထပ်တိုးတန်ဖိုးခွန်ပြန်ပေးပြီး အနည်းဆုံး လုပ်ခ ပင်စင်စားတွေရဲ့ ကျန်းမာရေးစရိတ်အတွက် ထည့်ဝင်ငွေကို ၃ နှစ်အတွင်း ၁၂ ရာခိုင်နှုန်းကနေ  ၄ ရာခိုင်နှုန်းအထိ လျှော့ပေးမယ်လို့ သမ္မတ ဒူကေးက ပြောပါတယ်။ လူငယ်တွေရဲ့ လုပ်ခလစာ လျှော့ချမယ့်ကိစ္စ အပါအဝင် စီးပွားရေးအစီအစဉ်တွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကိုလည်း ဒူကေးက ငြင်းဆိုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဓာတ်ပုံ- AFP
2 years Ago
Up