ကိုလံဘီယာမြေပြိုမှု

April 4, 2017

ကိုလံဘီယာမြေပြိုမှု လူ ၂၅၄ ဦး သေဆုံး၊ အယောက် ၄၀၀ ခန့် ဒဏ်ရာရ (ရုပ်သံ)

ကိုလံဘီယာအနောက်တောင်ပိုင်း ပူတူမာယိုပြည်နယ်မှာ ဧပြီ ၁ ရက်နေ့က မြေပြိုမှုဖြစ်ခဲ့ပြီး လူ ၂၅၄ ဦး သေဆုံးခဲ့ပါတယ်။ ဒီအတွက် ဧပြီ ၃ ရက်နေ့အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ ပူတူမာယိုပြည်နယ် မိုကိုအာမြို့မှာ မိုးကြီးပြီး မြေပြိုမှုကြောင့် နောက်ထပ် လူအယောက် ၄၀၀ လောက် ဒဏ်ရာရရှိပြီး အယောက် ၂၀၀ ခန့် ပျောက်ဆုံးနေတယ်လို့ ကိုလံဘီယာတပ်မတော်က ထုတ်ပြန်ကြေညာပါတယ်။ ကြက်ခြေနီတပ်ဖွဲ့ဟာ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဒဏ်ရာရသူတွေကို အနီးဝန်းကျင်က ကောင်ဂါပြည်နယ်ကို ပို့ဆောင် ဆေးကုသပေးပါတယ်။ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၁၁၀၀ ကျော်ဟာ မြေပြိုရာဒေသ ၁၇ ခုက ဒေသခံတွေကို ကူညီ ကယ်ဆယ်နေပါတယ်။ အခင်းဖြစ်ရာ မိုကိုအာမြို့မှာ မိုးကြီးတာကြောင့် အဆောက်အဦတွေနဲ့ လမ်းမတွေမှာ ရွှံ့နွှံတွေနဲ့ ကျောက်ခဲတွေ စုပုံနေပြီး မော်တော်ကားတွေလည်း ရွှံ့နွှံတွေအောက်မှာ နစ်မြုပ်နေပါတယ်။ တံတားနဲ့လမ်းတွေ ပျက်စီးပြီး သစ်ပင်တွေလည်း အမြစ်ကနေ ကျွတ်ထွက်ကုန်ပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း အန်တီယိုကီရာပြည်နယ် ဆယ်လဂါမြို့မှာ မြေပြိုမှုကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ပါသေးတယ်။ အဲဒီအဖြစ်အပျက်နဲ့ နှိုင်းယှဉ်ရင် အခု မိုကိုအာ သဘာဝဘေးဒဏ်ဟာ ပိုပြီး ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ကိုလံဘီယာနိုင်ငံမှာ ၁၉၈၅ ခုနှစ်ကလည်း အသေအပျောက်အများဆုံး မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူ ၂ သောင်းကျော် သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up