ကိုလံဘီယာအသင်း

June 4, 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်း မိတ်ဆက်

ကိုလံဘီယာအသင်းဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း ၂၀၀၂၊ ၂၀၀၆ နဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ မအောင်ခဲ့ပေမယ့် နောက်ဆုံး ၂၀၁၄ ကမ္ဘာ့ဖလားမှာတော့ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့ အောင်မြင်မှုမှတ်တမ်းရှိ အသင်းတသင်း ဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ခြေစစ်ပွဲအောင်ခဲ့ပြီမို့ ဒီတခါ ကိုလံဘီယာအသင်းအနေနဲ့ အုပ်စုကို ကျော်ဖြတ်ပြီး ပိုကောင်းတဲ့ အဆင့်တနေရာကို ဆက်လက်တက်လှမ်းသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ အဆင့် ၄ နေရာ ရရှိခဲ့တဲ့ ကိုလံဘီယာအသင်းဟာ အကောင်းဆုံး ခံစစ်စွမ်းဆောင်ရည်ကို ပြသထားနိုင်တဲ့ အသင်းတသင်း ဖြစ်ပါတယ်။ စပါးအသင်းနောက်ခံလူ ဒေးဗစ်ဆင် ဆန်းချက်နဲ့ ဘာစီလိုနာ ဗဟိုခံစစ်ကစားသမား ယာရီမီနာတို့ဟာ အသက် ၂၁ နှစ်နဲ့ ၂၃ နှစ် အသီးသီးရှိကြတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်ငယ်ဆုံး နောက်တန်းခံစစ်အတွဲဖြစ်လာဖို့ ရှိပါတယ်။ အတွေ့အကြုံရင့် နည်းပြတဦးဖြစ်တဲ့ ဟိုဆေးနက်စတာ ပက်ကာမန်းရဲ့အသင်း ဖြစ်တာကြောင့်လည်း အသင်းဖွဲ့စုစည်းမှုနဲ့ ရုန်းကန်မှု အားကောင်းမှာတော့ သေချာပါတယ်။ ကြံ့ခိုင်မှု၊ အရပ်အမောင်းကောင်းကောင်းတွေနဲ့ နည်းစနစ်ကောင်းမွန်တဲ့ ကိုလံဘီယာအသင်းကို ပြိုင်ဘက်အသင်းတွေအနေနဲ့ အနိုင်ယူဖို့က မလွယ်လှပါဘူး။ ကိုလံဘီယာအသင်းကို စောင့်ကြည့်ရမှာကတော့ ငယ်ရွယ်တဲ့ ခံစစ်အတွဲက ထိပ်တန်းပြိုင်ဘက်တွေကို ဘယ်လိုရင်ဆိုင် အန်တုမလဲဆိုတဲ့ အချက်ပါ။ တဦးချင်းအနေနဲ့ကတော့ မိုနာကိုအသင်းက ဝါရင့်တိုက်စစ်မှူး ဖယ်လ်ကာအိုနဲ့ ဘိုင်ယန်မြူနစ်အသင်း ကွင်းလယ်ကစား ဂျိမ်းရိုဒရီဂွက်တို့ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၆ မှာ ရှိနေတဲ့ ကိုလံဘီယာအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အိတ်ခ်ျမှာ ပိုလန်၊ ဆီနီဂေါ၊ ဂျပန်တို့နဲ့ အတူကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် အာရှထိပ်သီး ဂျပန်အသင်းနဲ့ ဇွန်လ ၁၉ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကိုလံဘီယာအသင်း ပဏာမ ကစားသမားများ ဂိုး - အော့စ်ပီနာ (အာဆင်နယ်)၊ ဗားဂတ်စ် (ဒီပေါ့တီဗိုကာလီ) အာဘိုလီဒါ (ဘန်းဖီးလ်ဒ်)၊ ကွာဒရာဒို (ဝမ့်စ်ကားလ်ဒက်စ်) နောက်တန်း - အားရီးယပ်စ် (ပီအက်စ်ဗွီ)၊ ဖာဘရီ (ဘိုကာဂျူနီယာ)၊ ဆန်းချက်ဇ် (စပါး)၊ ဇာပါတာ (အေစီမီလန်)၊ မီနာ (ဘာစီလိုနာ)၊ မိုဂျီကာ၊ အက်စ်ပီနိုဆာ (ဂျီရိုနာ)၊ မူရီလို (ပါချူကာ)၊ ဖာရစ်ဒ် ဒီယက်ဇ် (အိုလင်မ်ပီယာ)၊ မီဒီနာ (မွန်တာရေး)၊ တက်စ်စီလို (လီယွန်) အလယ်တန်း - အဂွီလာ (ကာလီ)၊ ဘားရီယို့စ်၊ ကာဒိုနာ၊ ပီရက်ဇ် (ဘိုကာဂျူနီယာ)၊ ဂျိမ်းရိုဒရီဂွက်ဇ် (ဘိုင်ယန်မြူးနစ်)၊ ကားလို့စ်ဆန်းချက်ဇ် (အက်စ်ပန်ညို)၊ လာမာ (လီဗန်တေး)၊ မိုရီနို (ရှန်ဟိုင်းရှင်ဟွာ)၊ ကွင်တာရို (ရေးဗားပလိတ်)၊ ကွာဒရာဒို (ဂျူဗင်တပ်)၊ ကူအယ်လ်လာ (ဖလာမင်ဂို)၊ အူရစ်ဘ် (အမေရိကား) ရှေ့တန်း - ဖယ်လ်ကာအို (မိုနာကို)၊ ကားလို့စ်ဘက်ကာ (ဗီလာရီးရဲလ်)၊ ဇာပါတာ (ဆမ်ဒိုးရီးယား)၊ ဘော်ဂျာ (ပါးလ်မီးရပ်စ်)၊ အစ်ဇ်ကွီယာဒို (ဘရိုက်တန်)၊ မူရီယယ် (ဆီဗီလာ)၊ ဂူတီယာရက်ဇ်၊ ချာရာ (ဂျူနီယာ)
3 years Ago
Up