ကိုလံဘီယာလေဆိပ်

March 9, 2020

ကိုလံဘီယာလေဆိပ်တွင် မှောင်ခိုသွင်းလာသည့် လိပ်များ ဖမ်းမိ

ကိုလံဘီယာ အာဏာပိုင်တွေဟာ နိုင်ငံတွင်း တိရစ္ဆာန် မှောင်ခိုကွန်ရက်ကို မတ် ၈ ရက်က ဖြိုခွင်းပြီး ထောင်နဲ့ချီတဲ့ မာတာမာတာလိပ်တွေကို ကယ်တင်လိုက်ပါတယ်။ အမေဇိုးနပ်စ်လေဆိပ်မှာ ပုံမှန်စစ်ဆေးမှုအတွင်း အနံ့ခံခွေးတကောင်က လိပ်တွေကို တွေ့ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေဆီ မှောင်ခိုသွင်းဖို့ ကြိုးစားခံရတဲ့ လိပ်တွေလို့ အာဏာပိုင်တွေက ပြောပါတယ်။ သိမ်းဆည်းရမိတဲ့လိပ်တွေရဲ့ မှောင်ခိုဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲလောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လိပ်သားပေါက်လေးတွေကို ရေမပါဘဲ အိတ်ထဲမှာ စုပုံထည့်ထားတဲ့အတွက် လိပ်သားပေါက် အများအပြားဟာ အခြေအနေဆိုးနေပြီး အကောင် ၁၅၀ လောက်ကတော့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ မာတာမာတာလိပ်တွေဟာ လက်တင် အမေရိက မျိုးရင်းပါ။ တြိဂံပုံခေါင်း ဆူးချွန်ပါတဲ့ အကြေးခွံတွေနဲ့ ထူးခြားတဲ့ ကိုယ်ယောင်ဖျောက်နိုင်စွမ်းတို့ကြောင့် တိရစ္ဆာန်မှောင်ခိုသမားတွေ အကြိုက်ဖြစ်ပါတယ်။
2 years Ago
Up