ကိုရီးယား ၂ နိုင်ငံ

October 16, 2019

ကိုရီးယား ၂ နိုင်ငံ ယှဉ်ပြိုင်ကစားသည့် ကမ္ဘာ့အလျှို့ဝှက်ဆုံး ဘောလုံးပွဲ 

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကမ္ဘာ့လျှို့ဝှက်မှုအရှိဆုံး ဘောလုံးပွဲ အဖြစ် ဒေးလီးမေးလ်သတင်းစာက ရေးသားဖော်ပြပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ရဲ့ အောက်တိုဘာ ၁၅ ရက်က မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး  တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အဲဒီပွဲစဉ်ကို  ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် မပြုခဲ့သလို ပရိသတ်တွေ ဝင်ရောက်ကြည့်ရူခွင့်လည်း မပြုခဲ့တာကြောင့် လျှို့ဝှက်မှု အရှိဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အဖြစ် ဒေးလီးမေးလ်က သတ်မှတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲကို သတင်းယူဖို့လည်း ပြည်တွင်းသတင်းထောက်တွေကလွဲလို့ တောင်ကိုရီးယား အပါအဝင် ဘယ်နိုင်ငံက သတင်းထောက်ကိုမှ ဝင်ခွင့်မပြုခဲ့တာကြောင့် ဖြစ်ပါတယ်။ ပွဲရလဒ်ကို အချိန်မီ သိရဖို့အတွက် တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်က ပြန်ကြားရေးဝန်ထမ်း ၂ ဦးသာ လိုက်ပါခွင့်ရရှိခဲ့ပြီး ပွဲရလဒ်နဲ့ ပတ်သက်ပြီး စာနဲ့ပဲ တင်ပေးခဲ့ရပါတယ်။ ဒါပေမဲ့လည်း ပြုံးယမ်းမြို့က ဘောလုံးကွင်းထဲမှာ အင်တာနက်လိုင်းလည်း ဆိုးရွားတာကြောင့် အချိန်မီ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပဲ စိတ်ပျက်စရာ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဘောလုံးပွဲ ဗွီဒီယိုဖိုင်ကိုတော့ ပွဲအပြီးမှ တောင်ကိုရီးယားဘက်ကို ပေးခဲ့တယ်လို့ သိရပါတယ်။  ဒီပွဲစဉ်ဟာ ၁၉၉၀ ပြည့်နှစ်က ခြေစမ်းပွဲကလွဲလို့ တရားဝင်ပြိုင်ပွဲအဆင့်မှာ မြောက်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ပထမဆုံးအကြိမ်အဖြစ် ပြုံးယမ်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပါတယ်။
2 years Ago
Up