ကိုရီးယားရုပ်ရှင်

July 18, 2019

ဂိုဏ်းစတားဘဝမှ ရွေးကောက်ပွဲဝင်ပြီး နိုင်ငံရေးသမား ဖြစ်လာခဲ့သူတဦး ရုပ်ရှင် - Long Live The King (နမူနာ)

ရာဇဝတ်ပြစ်မှုဆိုင်ရာ နိုင်ငံရေးနောက်ခံ ကိုရီးယား ဒရာမာရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် Long Live The King ရုပ်ရှင်ထဲမှာ မြန်မာပရိသတ်တွေ ရင်းနှီးပြီးဖြစ်တဲ့ ကိုရီးယား ထိပ်တန်းသရုပ်ဆောင်မင်းသား Kim Rae-won ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဒီကားကိုတော့ ကိုရီးယား ရုပ်ရှင်ဒါရိုက်တာ Kang Yoon-Sung က သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး သူကိုယ်တိုင်ပဲ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Jang Se-Chool ဟာ ဂိုဏ်းစတား ခေါင်းဆောင်တယောက်ဖြစ်ပြီး သူ့ဘက်ကနေ တဖက်သတ်ချစ်နေရတဲ့ Kang So-hyeon ဆိုတဲ့ ကောင်မလေးတယောက် ရှိနေပါတယ်။ အဲဒီကောင်မလေးက သူ့ကို ဘယ်လိုပဲ ခါးခါးသီးသီး ငြင်းပေမယ့် အဝေးကို ထွက်မသွားနိုင်ခဲ့ပါဘူး။ တနေ့မှာတော့ ကောင်မလေးက သူ့ကို သမ္မတကတော် ဖြစ်ချင်တယ်လို့ ပြောခဲ့ချိန်မှာတော့ အခြေအနေဟာ တမျိုးပြောင်းလဲသွားခဲ့ပါတော့တယ်။ ကောင်မလေးက ဒီစကားဟာ ဂိုဏ်းစတားတယောက်ဖြစ်တဲ့ သူ့အတွက် ဘယ်လိုမှ မဖြစ်နိုင်တာမို့ စိတ်ပျက်ပြီး ထွက်သွားလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ တချိန်တည်းမှာပဲ Jang Se-Chool ရဲ့ သူငယ်ချင်းဖြစ်သူဟာ ရာဇဝတ်ပြစ်မှုတခုကြောင့် သေဒဏ်ချမှတ်ခံခဲ့ရချိန်မှာ ဒီပြစ်ဒဏ်ကို လျှော့ပေါ့ရုပ်သိမ်းနိုင်ဖို့ အခွင့်အာဏာက တောင်ကိုရီးယား သမ္မတမှာပဲ ရှိနိုင်မယ့် အခြေအနေတွေ ဖြစ်လာချိန်မှာတော့ သူ့အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး သမ္မတဖြစ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ ချစ်သူနဲ့ရော လက်ထပ်နိုင်မလား၊ သူငယ်ချင်းကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာကိုတော့ ဒီကားထဲမှာ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသား Kim Rae-won နဲ့အတူ တခြား သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Won Jin-ah၊ Jin Seon-kyu နဲ့ Choi Gwi-hwa တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ရုပ်ရှင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ သရုပ်ဆောင်မင်းသား Kim Rae- won နဲ့ နာမည်ကျော် The Outlaws ရုပ်ရှင်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိထားတဲ့ Kang Yoon-Sung တို့ တွဲဖက်မှုဟာ ပရိသတ်စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့တာပါ။ IMDb မှာတော့ Rating 5.4 အထိ ရရှိထားပြီး ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
2 years Ago

May 16, 2018

နပန်းသမားတဦးအကြောင်း ဟာသဆန်ဆန် ရိုက်ကူးထားသည့် ရုပ်ရှင် - Champion (နမူနာ)

ကိုရီးယား ဟာသဒရာမာရုပ်ရှင် ကြိုက်နှစ်သက်သူတွေအတွက် Champion လို့ အမည်ရတဲ့ ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဝါနာဘရားသားစ် ရုပ်ရှင်ကုမ္ပဏီက ထုတ်လုပ်လိုက်တာဖြစ်ပြီး ကိုရီးယား ဒါရိုက်တာ ကင်မ်ယောင်ဝမ်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ နပန်းသမားတဦးအကြောင်းကို အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အဓိက သရုပ်ဆောင် နပန်းသမား မာ့ခ်နေရာမှာတော့ မင်းသား မာဒုံဆွတ်က ပါဝင်ထားခဲ့တာပါ။ ဇာတ်လမ်းထဲမှာတော့ မာ့ခ်ဟာ အမေရိကန်က နပန်းချန်ပီယံဟောင်းတဦးဖြစ်ပြီး ကိုရီးယားမှာ ကျင်းပမယ့် ပြိုင်ပွဲတွေမှာ အနိုင်ယှဉ်ပြိုင်ပြီး အောင်မြင်မှုရဖို့ ပြန်လာခဲ့ချိန်မှာ အရင်က တခါမှ မသိခဲ့ဘူးတဲ့ သူ့ရဲ့ညီမဆိုတဲ့ တယောက်က ထင်မှတ်မထားဘဲ ပေါ်လာခဲ့ပါတယ်။ ညီမဖြစ်သူရဲ့ ကလေး ၂ ယောက်ကလည်း သူ့ကို တွယ်ကပ်နေခဲ့ပြီး ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ ကြုံလာခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဟာသနဲ့ ဒရာမာ ရောပြီး တင်ဆက်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ ကိုရီးယားဘာသာစကားကို အသုံးပြုထားပြီး အင်္ဂလိပ်လို စာတန်းထိုးပေးထားပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၁၈ ရက်နေ့မှာ ပြသသွားမှာဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။
4 years Ago
Up