ကိုရီးယားနှစ်နိုင်ငံ

June 23, 2018

စစ်ပွဲအတွင်း ကွဲကွာမိသားစုများ ပြန်လည်တွေ့ဆုံရေး ကိုရီးယားနှစ်နိုင်ငံ သဘောတူ

၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားတဲ့ မိသားစုဝင်တွေ ပြန်လည်တွေ့ဆုံရေး စီစဉ်ဖို့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံတို့က သဘောတူလိုက်ပါတယ်။ ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာသွားတဲ့ မိသားစုဝင်တွေ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံနိုင်ရေးစီစဉ်ဖို့ တောင်နဲ့မြောက်ကိုရီးယားကိုယ်စားလှယ်တွေ ဇွန်လ ၂၂ ရက်နေ့မှာ သဘောတူလိုက်တာပါ။ ဆယ်စုနှစ်ကြာ ကွဲကွာနေကြတဲ့ မိသားစုတွေဟာ အသက်ကြီးရင့်နေကြပြီဖြစ်ပြီး တောင်-မြောက် ၂ နိုင်ငံဆက်ဆံရေး ပြေလည်မှ တွေ့ဆုံနိုင်ကြလို့ သူတို့အရေးဟာ စိတ်ထိခိုက်စရာ အရေးဖြစ်နေတာပါ။ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သလို ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ မြောက်ကိုရီးယားကော်မတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ပတ်ယောင်အီက  မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ ကွဲကာနေတဲ့ မိသားစုဝင်တွေ ပြန်ဆုံဆည်းပွဲကို သြဂုတ် ၁၅ ရက် အမျိုးသားလွတ်လပ်ရေးနေ့မှာ ခမ်ဂမ်တောင်မှာ ပြုလုပ်သွားမယ်။ ပြည်ဆုံဆည်းပွဲကို သြဂုတ် ၂ဝ ရက်ကစပြီး ၇ ရက်ကြာပြုလုပ်သွားမယ်။ တဖက်စီက မိသားစုဝင် ၁ဝဝ စီ ပါဝင်မယ်။  သွားရလာရခက်သူတွေအတွက် မိသားစုဝင် တယောက်စီ လိုက်ပါခွင့်ရမယ်လို့ ပြောပါတယ်။ တောင်နဲ့မြောက်ကိုရီးယားတို့ဟာ မိသားစုတွေ ပြန်တွေ့ဆုံနိုင်ရေးအပါအဝင် အခြားလူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်တွေကို ဆွေးနွေးဖို့ သဘောတူထားတဲ့ အချိန်မှာ လုပ်ငန်းအဆင့် ဆွေးနွေးပွဲနဲ့ ကြက်ခြေနီဆွေးနွေးပွဲတွေ လုပ်သွားမယ်လို့ တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပတ်ယောင်ဆိုးက ပြောပါတယ်။ ကွဲကွာမိသားစုတွေ ပြန်လည်တွေ့ဆုံရေးဟာ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ကတိပြုထားတဲ့ ကိစ္စတွေထဲက တခုဖြစ်ပါတယ်။
3 years Ago
Up