ကိုရိုဗိုင်းရပ်စ်ကူးစက်ခံရသူ

March 6, 2020

Grand Princes သင်္ဘောတွင် ကိုရိုဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိ၊ ဗိုင်းရပ်စ်စစ် ကိရိယာများ ပေးပို့

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တွေ့ရှိလို့ ပင်လယ်ထဲကျောက်ချရပ်တန့်ခိုင်းထားတဲ့ အပျော်စီးသင်္ဘော Grand Princes ကို အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေက မတ်လ ၅ ရက်မှာ  ဗိုင်းရပ်စ်စစ်ဆေးရေးကိရိယာတွေကို ရဟတ်ယာဉ်နဲ့ ပေးပို့ခဲ့ပါတယ်။   အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန စီဒီစီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဒီအစီအစဉ်မှာ စစ်ဆေးရေးကိရိယာတွေကို ရဟတ်ယဉ်ပေါ်ကနေ သင်္ဘောပေါ်က လူတဦးဆီ ချပေးခဲ့တာပါ။  ဟာဝိုင်ယီနဲ့ ဆန်ဖရန်စစ္စကိုတို့ကို ပြေးဆွဲနေတဲ့ Grand Princesသင်္ဘောဟာ မတ်လ ၄ ရက်က ဆန်ဖရန်စစ္စကိုမှာ ကမ်းပြန်ကပ်ဖို့ရှိပေမဲ့ သင်္ဘောပါခရီးသည် ၃၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လက္ခဏာရပ်တွေ တွေ့ရလို့ ပင်လယ်မှာပဲ ကျောက်ချခိုင်းထား ခဲ့တာလို့ ကာလီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါ တယ်။  ပြီးခဲ့တဲ့လက အဲဒီသင်္ဘောနဲ့ ဆန်ဖရန်စစ္စကိုနဲ့ မက္ကဆီကိုခရီးစဉ်ကို လိုက်ပါဖူးတဲ့ ခရီးသည်နှစ်ဦးဟာလည်း နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတွေ့ရှိလို့ သင်္ဘောပေါ်မှာပဲ ကူးစက်ခံရတာဖြစ်မယ်ဆိုပြီး  ကျန်းမာရေးအာဏာပိုင်တွေက သတ်မှတ်ထားတာပါ။  ဟာဝိုင်ယီကိုသွားမယ့် ဒီသင်္ဘောပေါ်မှာ ဖျားနေသူတွေအပါအဝင် ခရီးသည်နဲ့ သင်္ဘောသား ၁၀၀ လောက်ကို စစ်ဆေးဖို့ ဖော်ထုတ်ထားပြီး ရောဂါလက္ခဏာရှိတဲ့သူတွေကို စီဒီစီရဲ့လမ်းညွှန်ချက် အတိုင်း သီးခြားခွဲထုတ်ထားဖို့ လုပ်နေပါတယ်။  ဆန်ဖရန်စစ္စကို အရေးပေါ်စီမံရေးဌာနကတော့ ခရီးသည်တွေကို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ် ဆေးဖို့ အချိန် ၂၄ နာရီလောက် ကြာမယ်လို့ ပြောကြားထားပါတယ်။ 
1 year Ago
Up