ကိုရိုနာဗိုင်းရပ်စ်အသစ်

January 26, 2021

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် မြန်မာနိုင်ငံတွင် မတွေ့ရသေး

ပိုပြီး မြန်မြန်ကူးစက်နိုင်တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေကို အခုအချိန်အထိ မြန်မာနိုင်ငံမှာ မတွေ့ရသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ သဘောသဘာဝအရ မျိုးဗီဇပြောင်းလဲ နိုင်တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ဟာလည်း အချိန်မရွေး ပြောင်းလဲသွားနိုင်တာကိုလည်း သတိပြုရမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ အရေအတွက် များရင် ဗိုင်းရပ်စ်ဟာ ဗီဇပြောင်းဖို့ အခွင့်အလမ်း ပိုများပြီး ကူးစက်သူအရေအတွက်နည်းရင်တော့ ဗီဇပြောင်းဖို့ အခွင့်အလမ်းနည်းသွားမှာဖြစ်လို့ ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေကို တိတိကျကျလိုက်နာကြဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်၊ တောင်အာဖရိကနဲ့ နိုင်ဂျီးရီးယားနိုင်ငံတို့မှာ စတင်တွေ့ရှိပြီး အခုတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်နေပြီဖြစ်တဲ့ VOC-202012/01 (lineage B.1.1.7)၊ 501.V2 နဲ့ P618H တို့ဟာ ပိုပြီး မြန်မြန်ဆန်ဆန် ကူးစက်ပျံ့နှံ့နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လက်ရှိ ဂျော်ဒန်နိုင်ငံမှာ ကူးစက်နေတဲ့ ဗိုင်းရပ်စ်မျိုးကိုတော့ တွေ့ထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

3 months Ago

January 21, 2020

ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှု သံသယရှိသူ သြစတြေးလျနိုင်ငံသားကို သီးခြားစစ်ဆေး

သြစတြေးလျနိုင်ငံက အာဏာပိုင်တွေဟာ အမျိုးသားတယောက်ကို ကိုရိုနာ ဗိုင်းရပ်စ်အသစ် ကူးစက်မှု ရှိ၊ မရှိ သံသယရှိလို့ သီးခြားခွဲထားပြီး စစ်ဆေးနေတယ်လို့ ဇန်နဝါရီ ၂၁ ရက်မှာ အတည်ပြုပါတယ်။ အဲဒီအမျိုးသားဟာ တရုတ်နိုင်ငံ ဝူဟန်မြို့က မိသားစုဆီ သွားရောက် လည်ပတ်နေရာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ စတင်ခံစားရအပြီး သြစတြေးလျနိုင်ငံဆီ ပြန်လာခဲ့သူပါ။ လာမယ့်ရက်တွေအတွင်း စမ်းသပ်ချက် ရလဒ်တွေကို အပြီးသတ် ဆုံးဖြတ်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ကွင်းစလန်ပြည်နယ် ဆေးဘက်အရာရှိချုပ် ဒေါက်တာဂျနက်တီယန်းက မီဒီယာကို ပြောပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ် ကူးစက်မှုကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်လုံခြုံရေး ထပ်တိုးဆောင်ရွက်သွားမယ်လို့ သြစတြေးလျ အစိုးရက ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။ ကူးစက်မှုအများစု ဖြစ်ခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တိုက်ရိုက်လာတဲ့ လေကြောင်းခရီးစဉ်တွေနဲ့ ရောက်လာတဲ့ လူတိုင်းကို ရောက်ရောက်ချင်း ဇန်နဝါရီ ၂၃ ရက်ကစပြီး လုံခြုံရေးနဲ့ ကျန်းမာရေး စစ်ဆေးသွားမှာပါ။  တရုတ်နိုင်ငံက တခြား ဘယ်လေကြောင်းခရီးစဉ်မဆို လုံခြုံရေး သတိထားမှု တင်းကျပ်ဖို့ လိုမလားဆိုတာ ဆုံးဖြတ်ဖို့ အကဲဖြတ် ချင့်ချိန်တွက်ချက်နေဆဲလို့ သြစတြေးလျ ဆေးဘက်အရာရှိချုပ် ပါမောက္ခ ဘရန်ဒန်မာဖှီက မီဒီယာကို ပြောပါတယ်။ တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ လူ ၄ ယောက် သေဆုံးခဲ့တဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ပိုးအသစ်ဟာ ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီထိ သတင်းအရ လူအယောက် ၂၁၇ ယောက်ကို ကူးစက်ခဲ့ပြီးပြီ။ ကူးစက်ခံ ၁၉၈ ယောက်က ဝူဟန်မြို့သားတွေ ဖြစ်ပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ တရုတ် အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
1 year Ago
Up