အစုလိုက် ကာကွယ်ဆေးထိုးတာက ကိုရိုနာဗိုင်းရပ်စ် သန္ဓေပြောင်းတာကို ကူညီ တားဆီးလိမ့်မယ်လို့ အမေရိကန် ကူးစက်ရောဂါပညာရှင် ဒေါက်တာဖော်ချီက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန်တဝန်း ကာကွယ်ဆေးထိုးရာမှာ ဆေးပြတ်လပ်တာတွေ ရှိနေဆဲဖြစ်ပေမယ့် ကာကွယ်ဆေးအရေးကြီးပုံကို ကျန်းမာရေးတာဝန်ရှိသူတွေက အလေးထားပြောဆိုနေပါတယ်။
အိမ်ဖြူတော် ကိုဗစ်-၁၉ တုံ့ပြန်ရေး အွန်လိုင်းသတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာဖော်ချီက "ကာကွယ်ဆေးကို ရတာနဲ့ အမြန်ထိုးဖို့ လိုအပ်ပါတယ်။ အကြောင်းက ဗိုင်းရပ်စ်တွေ မပြန့်ပွားရင် သန္ဓေမပြောင်းနိုင်ဘူး။ ကာကွယ်ဆေးထိုးပြီး ဗိုင်းရပ်စ်ပျံ့တာကို တားဆီးမယ်ဆိုရင် သန္ဓေပြောင်း ဗိုင်းရပ်စ် ကူးစက်ခံရမှာ မဟုတ်ဘူး" လို့ ရှင်းပြခဲ့ပါတယ်။
အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေးတစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်နဲ့ အထက် ထိုးနှံထားသူ ၂၆ သန်းကျော် ရှိနေပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားသူ ၆ သန်းနီးပါး ရှိတယ်လို့ သိရပါတယ်။